ငြိမ်းချမ်းရေး တိုးတက်လာရင် စစ်မှုထမ်းဥပဒေကို ကျင့်သုံးသင့်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကို အကောင်အထည်ဖော်သင့်ကြောင်း တပ်မတော်ပြော

နေပြည်တော်၊ ဒီဇင်ဘာ- ၃၁- ၂၀၂၀
ကိုလတ် (VOM)
လက်ရှိမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအခြေနေတွေဖြစ်ပေါ်နေတာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို မကျင့်သုံးနိုင်သေးပေမယ့် အနာဂတ်မှာ ဒီဥပဒေကို ကျင့်သုံးသင့်တဲ့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကြိုတင်အသိပေးတာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်အဖွဲ့က ပြောပါတယ်။
“ယခုဖြစ်ပေါ်နေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအခြေအနေတွေကြောင့် ဒီစစ်မှုထမ်းဥပဒေဟာတော့ ကျင့်သုံးဖို့အတွက် အခုလောလောဆယ်မှာတော့ အကန့်အသတ်တွေရှိပါတယ်။ ငြိမ်းချမ်းရေးရရှိလာရင်တော့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တိုးတက်လာရင် ဒါပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဆောင်ရွက်သင့်တဲ့ ဥပဒေတစ်ခုဖြစ်တယ်။ ဒါ အဲ့နေရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ကလည်း ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်လာလိမ့်မယ် ရရှိလာလိမ့်မယ် ယုံကြည်တယ် ဒါကြောင့်မလို့ အနာဂတ်မှာ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းအဖြစ် ကြိုတင်ပြီး အသိပေးထားခြင်းဖြစ်တယ်”လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၃၀ ရက်နေ့က နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
နိုင်ငံတော်ရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ၁၉၄၇ ဇူလိုင်လတုန်းက ပြောဆိုခဲ့ နောက်ဆုံး မိန့်ခွန်းမှာ “ဗမာပြည်လွတ်လပ်ရေးရလို့ရှိရင် နိုင်ငံသားတိုင်းဟာ နိုင်ငံတော်ကာကွယ်ရေး အတွက် တာဝန်ရှိတယ် ဒါကြောင်မလို့ ဗမာပြည်မှာ ဗမာတိုင်း ဗမာတိုင်း အရွယ်ရောက်တဲ့ သူမှန်သမျှ ကျန်းမာတဲ့သူမှန်သမျှ စစ်မှုမထမ်းမနေရဆိုပြီးတော့မှ အတင်း စစ်ထဲကို ထည့်ရလိမ့်မယ်။ နှစ်နှစ်တန်သည် သုံးနှစ်တန်သည် စစ်ထဲဝင်ရမယ်ဆိုတဲ့” စကားမျို ပြောခဲ့ဖူးတာရှိတယ်လို့လဲ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
နိုင်ငံသားတိုင်း စစ်မှုထမ်းဆောင်ရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုတော့ ၁၉၅၉ ခုနှစ်ကတည်းက ပြဌာန်းထားခဲ့တာဖြစ်ပြီး အဲ့ဒီဥပဒေကို တော်လှန်ရေးကောင်စီလက်ထပ်မှာ (၁)ကြိမ် ပြင်ဆင်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ (၄) ရက်နေ့မှာတော့ အတည်ပြုပြဌာန်းထားခဲ့ပြီး ဥပဒေအရ အမျိုးသားတိုင်း အသက် (၁၈) နှစ်ကနေ (၃၅) မပြည့်သေးသူနဲ့ အမျိုးသမီးဆိုရင် အသက် (၁၈) နှစ်ကနေ (၂၇) မပြည့်သေးသူတွေဟာ (၂)နှစ် စစ်မှုထမ်းဖို့ပါဝင်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW