တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို တိုင်းရင်းသားတွေနဲ့အတူ လက်တွဲလုပ်ဆောင်မယ်

ဇန်နဝါရီ ၁-၂၀၂၀
ထက်အောင်စိုင်း (VOM)

တပ်မတော်အနေနဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ လက်တွဲပြီး ထာဝရငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ၂၀၂၁ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောဆိုထားတာ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ၂၀၂၁ နှစ်သစ်ကူးမိန့်ခွန်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ဆက်စပ်ပြီး ” ၂၀၂၀ ပြည့်နှစ်အလွန်ကာလမှာ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ နိုင်ငံရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ NCA လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းကြရမှာပဲ ဖြစ်ပါတယ်” လို့ ထည့်သွင်း ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်အေးချမ်းသာယာမှုရှိပြီး မိမိတို့ ဒေသ၊ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်တွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မည်ဆိုတာကို မျှော်တွေးဆောင်ရွက်သွားကြစေလိုပါတယ်လို့လည်း တိုက်တွန်းထားတာကို တွေ့ရပါတယ်။

” တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့အတွက် ငြိမ်းချမ်းရေးကို အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေမည့် မည်သည့် ကိစ္စမဆိုရှောင်ရှားကာ ထာဝရငြိမ်ချမ်းရေးအတွက် အကောင်ထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အဖြစ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နှစ်သစ်နှုတ်ခွန်းဆက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

တပ်မတော်အနေနဲ့ စစ်ဌာနချုပ်နယ်မြေ ၅ ခုမှာ ၂ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးတွေ ထုတ်ပြန်ခဲ့ပေမယ့် အဲ့ဒီထုတ်ပြန်ကြေညာချက်တွေမှာတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် မပါဝင်ခဲ့ပါဘူး။

ပြည်တွင်းစစ် ရပ်စဲသွားမှသာ တိုင်းရင်းသားအားလုံးလိုလားတဲ့ ဖက်ဒရယ်စနစ်ကို ရောက်ရှိမှာဖြစ်တဲ့အတွက် လက်နက်ကို လက်နက်နည်းနဲ့ ဖြေရှင်းနေမယ့်အစား ငြိမ်းချမ်းရေးစားပွဲဝိုင်းကို အရင်ဆုံးရောက်ရှိအောင်လုပ်ဆောင်မှသာ ပိုမိုလက်တွေ့ကျမှာဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သူ့ရဲ့အမြင်ကိုပြောပါတယ်။

” တိုင်းရင်းသာတွေနဲ့အတူ လက်တွဲလုပ်ဆောင်မယ်ဆိုတာထက် တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အရင်ဆုံးဆောင်ရွက်သင့်တယ်လို့ မြင်တယ်။ ပြည်တွင်းငြိမ်းချမ်းရေး မရဘဲ တိုင်းရင်သားတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ဆိုတာကတော့ ပြည့်စုံမှာ မဟုတ်ဘူး။ ဒါကြောင့် တိုင်းရင်းသားအကျိုးစီးပွားကို အမှန်တကယ်လိုလားရင်တော့ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရောက်နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တရားဝင်ဘောင်အတွင်းက ရပ်တည်နေကြတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဖက်ဒရယ်စနစ်ကို ရောက်ရှိအောင် အတူတကွ သွားဖို့လိုတယ်”လို့ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း “ငြိမ်းချမ်းရေးကို တိုင်းရင်းသားတွေနဲ့ လက်တွဲလုပ်ဆောင်မယ်ဆိုတာက ကောင်းတဲ့ကိစ္စလို့မြင်တယ်၊ ရခိုင်မှာ စစ်ပွဲရပ်ပြီးတော့ ကရင်ပြည်နယ်ဖက်မှာ စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျနော်ကတော့ ထိန်းချုပ်စေချင်ပါတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ ရဲ့ စစ်ပွဲတွေ ရပ်တန့်နေတာ ၂ လနီးပါးရှိနေပေမယ့် ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာတော့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

တပ်မတော်ရဲ့ အပစ်ရပ်သက်တမ်းဟာ မနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကပဲ သက်တမ်းကုန်းဆုံးခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ တပ်မတော်ဖက်ကနေ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ (၃၁) ရက်နေ့အထိ အပစ်ရပ်သက်တမ်း (၁)လ ထပ်တိုးလိုက်တယ်လို့ ထပ်မံကြေညာခဲ့ပြီး အဲ့ဒီအထဲမှာလည်း အေအေရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပါဝင်တာကို တွေ့ရပါတယ်။

ဒါ့အပြင် တစ်ချိန်တည်းမှာ အေအေနဲ့ မဟာမိတ်အဖွဲ့တွေက ဒီကနေ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာပဲ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ (၂)လတာ အပစ်ရပ်ကြောင်း ကြေညာထားပြီး အဲ့ဒီကာလအတွင်း တပ်မတော်ဖက်က ထိုးစစ်ဆင်တိုက်ခိုက်လာပါက ပြန်လည်ခုခံသွားမှာ ဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ကြေညာထားတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #တပ်မတော် #ငြိမ်းချမ်းရေး #တိုင်းရင်းသား

Related posts

Leave a Comment

VOM News

FREE
VIEW