စစ်ကိုင်းတိုင်းမှာ ၂၀၂၀ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄၄၈ ဦးရှိခဲ့

ဇန်နဝါရီ ၇ -၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း တစ်တိုင်းလုံးမှာ ၂၀၂၀ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၂ နာရီအချိန်ထိ ယာဉ်တိုက်မှုဖြစ်စဉ်ပေါင်း (၁၂၄၉) မှုဖြစ်ပွားခဲ့တယ်လို့ အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)၊ အမှတ်(၁၇) ယာဉ်ထိန်းရဲ ဒု-တပ်ဖွဲ့ခွဲမှူးရုံး(မုံရွာ)ကနေ သိရပါတယ်။

“ယာဉ်အသုံးပြုသူတွေနဲ့ ယာဉ်တင်သွင်း ဝင်ရောက်မှု အရေအတွက်ဟာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာတယ် ၊ အဲ့ဒါကြောင့် ယာဉ်အသုံးပြုပုံနဲ့ လမ်းအသုံးပြုပုံတွေ စည်းစနစ်ကျဖို့ အများပြည်သူ လိုက်နာဖို့ နေ့စဉ် အသိပညာပေး လုပ်ဆောင်နေတယ်”လို့ အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒု-တပ်ဖွဲ့ခွဲမှူး ယာယီရဲမှူး လှထွန်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ခရိုင် ၁၀ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်မှာ ၂၀၂၀ခုနှစ် ရဲ့ ၁ နှစ်တာအတွင်း ယာဉ်မတော်တဆမှု (၁၂၄၉)မှု၊ တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရသူ (၁၅၅၂)ဦး၊ ဒဏ်ရာရရှိသူ (၁၉၀၂) ဦးရှိတဲ့အနက် အမျိုးသား (၁၄၂၃)ဦး၊ အမျိုးသမီး (၄၇၉)ဦး ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄၄၈) ဦး အနက် အမျိုးသား သေဆုံးမှုက (၃၆၅) ဦး၊ အမျိုးသမီး သေဆုံးမှု (၈၃)ဦးဖြစ်နေတဲ့အတွက် အမျိုးသားယာဉ်တိုက်မှု ၄ ကြိမ်မှာ အမျိုးသမီး ယာဉ်တိုက်မှု ၁ ကြိမ်ခန့်သာ ပျှမ်းမျှဖြစ်ပွားနေတဲ့အတွက် အမျိုးသားတွေ ယာဉ်အသုံးပြုတဲ့အခါ သတိကြီးစွာနဲ့ အသုံးပြုကြဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က အကြံပြုထားပါသေးတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #၂၀၂၀ #ယာဉ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW