ကျောင်းပြန်ဖွင့်ရရင် အ.ထ.ကကျောင်းတွေကို စဖွင့်ပေးမှာဖြစ်လို့ ကျောင်း ၇၀၀၀ကျော်ကို စစ်ဆေးမှုပြုလုပ်နေ

ဇန်နဝါရီ ၇-၂၀၂၁
သိင်္ဂီထွန်း(VOM)

စာသင်ကျောင်းတွေ ပြန်ဖွင့်ခဲ့ရင် အရင်ကနည်းတူ အထက်တန်းကျောင်းတွေကိုသာ စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။

ဒါကြောင့် ကျောင်းတွေ ပြန်လည်ဖွင့်ဖို့ ခွင့်ပြုချက်ရတာနဲ့ အဆင်သင့်ဖြစ်နေဖို့အတွက် ကျောင်းသား/ ကျောင်းသူတွေကို COVID -19ရောဂါကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ အထက်တန်းကျောင်း ၇၀၀၀ ကျော်ကို စစ်ဆေးပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

အထက်တန်းကျောင်း အားလုံးဖွင့်လှစ်ပြီးမှသာ ကျန်တဲ့ အခြေခံပညာ အဆင့်၊ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကို ဖွင့်လှစ်ဖို့ စီစဉ်မှုတွေ ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ သိရပါတယ် ။

“အခုက ကလေးတွေ Save ဖြစ်ဖို့အတွက် ကျောင်းတွေကို ကိုဗစ် စည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်နေတယ်။ တစ်ဆင့်ချင်းစီ သွားရမှာဖြစ်တယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ ကိုဗစ် ဗဟိုကော်မတီက ညွှန်ကြားချက်ကိုလိုက်နာရတာပါ”လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ် ။

လက်ရှိအချိန်ဟာ ကိုဗစ်ကပ်ရောဂါကာလဖြစ်လို့ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုတဲ့ကိစ္စအပေါ် ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်မရဘဲ အမျိုးသားအဆင့် COVID-19 ဗဟိုကော်မတီရဲ့ခွင့်ပြုချက်ကိုသာ လိုက်နာနေရတာဖြစ်တယ်လို့လည်း ဦးကိုလေးဝင်းကပြောပါတယ်။

ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေးရရှိပြီး ကျောင်းသူ၊ ကျောင်းသား တွေကို ကာကွယ်ဆေး ထိုးနှံနိုင်မှ စာသင်ကျောင်းတွေပြန်ဖွင့်နိုင်မှာလားဆိုတာကိုတော့ အတိအကျမပြောနိုင်ဘူးလို့ သိရပါတယ်။

ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ စာသင်ကျောင်းတွေထဲကနေ ကျန်းမာရေး သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ အထက်တန်းကျောင်း (၆၅၂၆) ကျောင်းကို ကိုဗစ်ပထမလှိုင်းအပြီး ၂၀၂၀ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်ကနေ ဩဂုတ်လ ၂၇ ရက်အထိ ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း ကိုဗစ်ကူးစက်မှု တဖန်ပြန်လည်မြင့်တက်လာတာကြောင့် ဩဂုတ်လ ၂၈ ရက်နေ့မှာပဲ ကျောင်းတွေအားလုံးကို ပြန်လည်ပိတ်ထားခဲ့တာဟာ ဒီကနေ့ အချိန်ထိဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အထက်တန်းကျောင်း

Related posts

Leave a Comment

VOM News

FREE
VIEW