ပဲခူးအကျဉ်းထောင်က အကျဉ်းသား ၇၇ ဦးမှာ ကိုဗစ်ပိုး ထပ်မံတွေ့ရှိ

ဇန်နဝါရီ ၈ -၂၀၂၁
သိင်္ဂီထွန်း (VOM)

ပဲခူးအကျဉ်းထောင်က အကျဉ်းသား ၇၇ ဦးမှာ ကိုဗစ်ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိရတယ်လို့ ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကသတင်းထုတ်ပြန်မှုအရ သိရပါတယ်။

ဒါကြောင့် အခုဆိုရင် ပဲခူးအကျဉ်းထောင်မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတဲ့ အကျဉ်းသားပေါင်း ၁၃၃ ဦးရှိနေပြီဖြစ်ပါတယ်။

” ပဲခူး အကျဉ်းထောင်ကနေ ကိုဗစ်ပိုးတွေ့တာ ၇၇ ဦးလို့ သိရတယ်။ကျန်းမာရေးဘက်ကလည်း သတင်းထုတ်ပြန်ထားတာတွေ့တယ်။ထောင်အရှေ့လမ်းတောင် ဖြတ်သန်းခွင့်မပေးဘူး”လို့ ပဲခူးဒေသခံဖြစ်သူ ကိုဝင်းကပြောပါတယ်။

မနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ ပဲခူးမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိတဲ့လူနာအသစ် ၁၀၀ ရှိခဲ့ပြီး အဲ့ဒီအထဲမှာ ပဲခူးအကျဉ်းထောင်က ပိုးတွေ့ရှိမှုအများဆုံးဖြစ်တယ်လို့ ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံကို ဆက်သွယ်မေးမြန်းခဲ့ရာ ” အသေးစိတ်အတိကျတော့မသိသေးဘူး။ ကျန်းမာရေးမှူးကတော့ တိုးလာနိုင်တယ်ဆိုပြီး ကိုဗစ်အစည်းအဝေးမှာပြောတာရှိတယ်။ တိုးတယ်ဆိုတာတော့ သိတယ်။ ဘယ်လောက်အတိကျတော့ မသိသေးတာပေါ့။ အကျဉ်းထောင်ဘယ်လိုလုပ်ထားလဲဆိုရင် မနေ့က ကိုဗစ်အစည်းအဝေးမှာ ရဲတွေတက်ပေမယ့် ဘာမှအတိအကျတင်ပြတာမရှိဘူး။ social distancing ဘယ်လိုလုပ်လဲမသိရဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနက သေချာလုပ်ဖို့လိုတာပေါ့”လို့ ပြောပါတယ်။

ပဲခူးအကျဉ်းထောင်က ထပ်မံတွေ့ရှိခဲ့တဲ့ အကျဉ်းသား ၇၇ ဦးထဲက
၃ ဦးကို RDT နဲ့စစ်ဆေးခဲ့တာဖြစ်ပြီး၊ ကျန်တဲ့ ၇၄ ဦးကိုတော့ PCR နဲ့စစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အကုန်လုံးလော့ခ်ဒေါင်းချထားတယ်။ ကျနော်တို့တောင် ဝင်ရင် သတင်းပို့ပြီးဝင်ရတာ။ စားနပ်ရိက္ခာတွေလည်း လော့ခ်ဒေါင်းမချခင် အကုန်ထည့်ထားတယ်။ အပြင်ကနေ ဘာမှပို့လို့မရဘူး”လို့ ပဲခူးအကျဉ်းထောင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ပဲခူးအကျဉ်းထောင်ကနေ ပဲခူးဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူရင်း သေဆုံးသွားတဲ့ အကျဉ်းသားတစ်ဦးမှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိရပြီးနောက်ပိုင်း အကျဉ်းထောင်အတွင်း ထိစပ်အကျဉ်းသားတွေကို စစ်ဆေးခဲ့ရာ ပထမအကြိမ် အကျဉ်းသား ၅၅ ယောက်မှာ ကိုဗစ်ပိုး စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Photo – TWN
#voiceofmyanmar #VOM #ပဲခူး #အကျဉ်းသား #ကိုဗစ်ပိုးထပ်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW