SNA အဖွဲ့ ဖမ်းဆီးသွားတဲ့ ဆယ်ဇင်ရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက်ပြန်လွတ်လာ

ဇန်နဝါရီ ၇ -၂၀၂၁
ကိုတိုးကြီး (VOM)

ပြီးခဲ့တဲ့ ၂၀၂၀၊ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းက (SNA) ရှမ်းနီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာက အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက်ဟာ မနေ့ ဇန်နဝါရီ ၆ ရက်ညပိုင်းက ပြန်လည် လွတ်မြောက်လာခဲ့တယ်လို့ ဆယ်ဇင်ရွာခံတွေပြောပြချက်အရ သိရပါတယ်။

” ညက သူတို့ ၃ ယောက် ကျန်းမာစွာနဲ့ပဲ ပြန်လည်လွတ်မြောက်လာခဲ့တယ်၊ ဘာကိစ္စကြောင့် ဖမ်းတယ်ဆိုတာ ပြောဖို့ အချိန်စောသေးတယ်၊ အခုလောလောဆယ်ကတော့ ပြန်လွတ်လာပြီဆိုတာကိုပဲ အတည်ပြုပြောလို့ရသေးတဲ့အချိန်ဖြစ်ပါတယ်”လို့ ပြန်လည်လွတ်မြောက်လာသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

SNA အဖွဲ့ရဲ့ ၁၁ ရက်ကြာ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ၃ ယောက်ဟာ ဆယ်ဇင်းကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ ဦးလင်းခိုင်ဖြိုး ၊ အမှတ် ၄ ရပ်ကွက်မှူး ဦးအောင်ကျော်စိုး နဲ့ အမှတ် ၁ ရပ်ကွက်မှူး ဦးဖေသန်းတို့ဖြစ်ပါတယ်။

သူတို့ ၃ ယောက်ကို ဖမ်းဆီးခံရချိန်က ဆယ်ဇင်းရွာ ရပ်မိရပ်ဖ ၂ ယောက်ဖြစ်တဲ့ ဦးမောင်နိုင်နဲ့ ဦးသက်လုံတို့ ၂ ယောက်လည်း ဖမ်းဆီးခံရတဲ့ စာရင်းထဲမှာပါဝင်ပြီး အဲ့ဒီ ၂ ယောက်ကိုတော့ SNAအဖွဲ့က ဖမ်းဆီးပြီး နာရီပိုင်းအကြာမှာပဲ ပြန်လည်လွတ်ပေးလိုက်တာဖြစ်ပါတယ်။

” ဒီမှာက ရတနာမြေဖြစ်တယ် ၊ ဒေသခံပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေဆီက ဆက်ကြေး သိုက်တူးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိတယ်၊ ကိုယ့်လုပ်ငန်းကိစ္စ အဆင်ပြေဖို့ဆိုတာထက် ကိုယ့်အသက် ရှင်သန်နိုင်ဖို့က အဓိကဆိုပြီး ဘယ်အဖွဲ့ကပဲ ဆက်ကြေးတောင်းတာ အဆင်ပြေအောင် ပေးနေရတယ်”လို့ လုံခြုံရေးအရ အမည်မဖော်ပြလိုတဲ့ ဆယ်ဇင်းဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ ဆယ်ဇင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် လူ ၃ ယောက်ကို SNA အဖွဲ့က ဖမ်းဆီးတာနဲ့ပတ်သက်လို့ ဒေသခံရပ်မိရပ်ဖတစ်ယောက်က ” သူတို့ ၃ ယောက် အဖမ်းခံရတာနဲ့ ပတ်သက်လို့ ပြောဆိုဝေဖန်သံ ၂ မျိုးကြားရတယ်၊ ပထမတစ်မျိုးကတော့ ပြီခဲ့တဲ့လ (ဒီဇင်ဘာ)၂၆ ရက်က ဆယ်ဇင်းမှာနေတဲ့ စိတ်ဝေဒနာရှင် ကိုဆံရှည်ဆိုတဲ့သူကို KIA အဖွဲ့က ဖမ်းဆီခေါ်ဆောင်သွားပြီး ကွက်မျက်လိုက်တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ တိုက်ဆိုင်တယ် ၊ ကျန်တစ်မျိုးကတော့ ၊ အဖမ်းခံရတဲ့ လူ ၃ ယောက်ဟာ KIA အတွက် ဆက်ကြေးစုဆောင်းရာမှာ ပါဝင်အားဖြည့်ပေးလို့ဆိုပြီး ဖမ်းတာဖြစ်တယ်လို့ သတင်း ၂ မျိုးဖြစ်နေတယ် ၊ အခု လွတ်လာတဲ့ သူ ၃ ယောက်ကလည်း ဆက်ကြေးငွေ သိန်း ၁ ထောင်နဲ့ ပြေလည်ခဲ့တယ်လို့တော့ ကြားရတယ်”လို့ ပြောပါတယ်။

အဲ့ဒီလို ထွက်ပေါ်နေတဲ့ အခြေအနေတွေဟာ ပတ်ဝန်းကျင် ဝေဖန်မှုတွေသာဖြစ်ပြီး ဖမ်းဆီးခံ ၃ ယောက်ကတော့ ဒါဟာ မဟုတ်မမှန်တဲ့ ဝေဖန်မှုသက်သက်ဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ဆယ်ဇင်းရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက်နဲ့ ပတ်သက်လို့ ရှမ်းနီတိုင်းရင်းသားလက်နက်ကိုင်(SNA)အဖွဲ့က သဘောထား ထုတ်ပြန်ကြေညာချက် တစုံတရာမှ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

အဲ့ဒါကြောင့် သီးခြားအတည်ပြုချက် ရရှိနိုင်ဖို့အတွက် SNA ပြန်ကြားရေးကို VOM က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရသေးပါဘူး။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အကြားမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA နဲ့ SNA အဖွဲ့တွေ ရှိနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #ဆယ်ဇင်းရွာ #အုပ်ချုပ်ရေးအဖွဲ့ဝင် #SNA #ပြန်လွတ်မြောက်

Related posts

Leave a Comment

VOM News

FREE
VIEW