မူးယစ်ဖမ်းတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ဖို့ အလွတ်တန်း သတင်းထောက်တစ်ဦးက ဆန္ဒဖော်ထုတ်

ဇန်နဝါရီ ၁၀-၂၀၂၁
အေးချမ်းသူ(VOM)

မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်လှလှဌေး(ခ)မမှုံဆိုသူရဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒီကနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၂တောင်ရပ်ကွက်မှာ အလွတ်တန်းသတင်းထောက်တစ်ဦးက တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးစိုးလွင်က “ကျနော်က စံတော်ချိန်က အလွတ်တန်းသတင်းထောက်၊ ကာတွန်းလည်းဆွဲတယ်။ ဖြစ်တဲ့နေ့က သတင်းသွားယူတော့ CCTVမှာ လူနှစ်ယောက်ဆေးလိပ်ဝယ်ပြီး ဗူးထဲမှာထည့်ပြီး တင်ခဲ့တာ၊ ပြောချင်တာက ရဲတွေအနေနဲ့ CCTVကိုစစ်ဆေးပေးစေချင်တယ်။ အမှုမှန်ပေါ်ပေါက်စေချင်တယ်၊ ဒါကြောင့်အခုလို တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ရတာ”လို့ VOMကိုပြောပါတယ်။

တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ရာမှာ မာန်ပြေ၃လမ်း မူးယစ်ဆေးဝါးဖမ်းဆီးမှုဖြစ်စဉ်အား မြန်မာနိူင်ငံအစိုးရအာဏာပိုင်များမှ CCTVကို ကြည့်ရှုစစ်ဆေးရန်၊ အပြစ်ရှိသူ ၁၀၀ထက်အပြစ်မရှိသူတစ်ဦး အပြစ်ဒဏ်ခံရတာ ဆိုးဝါးလှသည် သတိပြုပါ၊ ပြည်သူချစ်သောရဲဖြစ်၏ စတဲ့ဆိုင်းဘုတ်တွေကိုင်ဆောင်ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဒီကနေ့ဆန္ဒဖော်ထုတ်တဲ့ဖြစ်စဉ်ရဲ့အမှုဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၂၇ရက်နေ့က သာကေတမြို့နယ်၊ ၂တောင်ရပ်ကွက်၊ မာန်ပြေ ၃လမ်းရှိ နေအိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါးဝင်ရောက်ဖမ်းဆီးရာ လုပ်ကြံမှုဖမ်းဆီးခံတယ်လို့ဆိုကာ ရပ်ကွက်နေပြည်သူများအကြား ဝေဖန်ခဲ့ရတဲ့ အမှုတစ်မှုလည်းဖြစ်ပါတယ်။

မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးအရေးယူခံထားရတဲ့ ဒေါ်လှလှဌေး (ခ) မမှုံရဲ့အမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက်ရည်ရွယ်ပြီး သာကေတမြို့နယ်၊ ၂/တောင် ရပ်ကွက်၊ ဇောတရုံလမ်းနှင့် မာန်ပြေလမ်းထောင့်မှစတင်ကာ မာန်ပြေလမ်းအတိုင်း သုမနလမ်း၊ မြင်တော်သာလမ်း၊ ဇင်္ဂမလမ်း၊ အနော်မာလမ်း၊ ရန်ပြေလမ်းကနေတဆင့် သုမနလမ်းအတိုင်း သုမနလမ်းနဲ့ မာန်ပြေ လမ်းဆုံအထိ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

အခုလိုဆန္ဒဖော်ထုတ်ဖို့အတွက် စံတော်ချိန်သတင်းစာက အလွတ်
တန်းသတင်းထောက်၊ ကာတွန်းဆရာအဖြစ်လုပ်ကိုင်နေသူ ဦးစိုးလွင်ဟာ ဇန်နဝါရီ ၇ရက်နေ့ ငြိမ်းစုစီလာရောက်လျှောက်ထားပြီး ဆန္ဒဖော်ထုတ်တာဖြစ်တယ်လို့ သာကေတမြို့နယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မူးယစ်မှု #ဆန္ဒဖော်ထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW