ဧရာဝတီစင်တာ(မန္တလေး)မှာ ကိုဗစ်မျိုးစိတ်ကွဲတွေ့တယ်ဆိုတဲ့ သတင်းမှား လူမှုကွန်ယက်မှာ ပျံ့နှံ့

မန္တလေး၊ ဇန်နဝါရီ ၁၀-၂၀၂၁
ဆွေလင်းထွန်း၊ ရှိုင်းအောင်(VOM)
မန္တလေးက ဧရာဝတီစင်တာမှာ ကိုဗစ်မျိုးစိတ်ကွဲတွေ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ ဒီသတင်းမှားကို ရွှေမဟာနွယ် သွေးနှင့်ပရဟိတအသင်း ဥက္ကဌ မရွှေမဟာနွယ်က သူ့ရဲ့ “ရွှေမဟာနွယ် ရွှေမဟာနွယ်” ဆိုတဲ့ လူမှုကွန်ယက်မှာ ဒီနေ့မနက်က တင်ခဲ့တာဖြစ်ပါတယ်။
ရွှေမဟာနွယ် ရွှေမဟာနွယ် အကောင့်ကနေ တင်ထားပြီး နာရီပိုင်းအတွင်းမှာ ပို့စ်ကို နှစ်သက်သူ ၆၀၀ နီးပါး၊ မှတ်ချက်ရေးသူ ၄၆ဦးနဲ့ ပြန်လည်မျှဝေသူ ၅၀၀ နီးပါးရှိခဲ့ပြီး ခုချိန်မှာတော့ အဲ့ဒီပို့စ်ကို ပြန်ဖြုတ်ချသွားပြီ ဖြစ်ပါတယ်။
အခြားလူမှုကွန်ယက် သုံးစွဲသူအချို့က မရွှေမဟာနွယ်ကို ခရက်ဒစ်ပေးပြီး အဲ့ဒီ သတင်းမှားကို ပြန်လည် ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။
ကိုဗစ်မျိုးစိတ်ကွဲတွေ့တယ်ဆိုတာနဲ့ပတ်သက်ပြီး မရွှေမဟာနွယ်ကို VOM က ဆက်သွယ်မေးကြည့်တော့ အဲ့ဒီကိစ္စကို ဧရာဝတီစင်တာ(မန္တလေး)မှာ တက်ရောက်နေတဲ့ လူနာတဦးဆီက ကြားသိခဲ့ရကြောင်းနဲ့ ဘယ်မျိုးကွဲမျိုးလဲဆိုတာကိုတော့ မသိသေးဘူးလို့ ပြောပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေမှူးချုပ် ဒေါက်တာခင်ခင်ကြီးက “လုံးဝသတင်းအမှားပါ၊ လုံးဝသတင်းအမှားပါ လုပ်ကြံပြီး‌တော့ ဖန်တီးပြီးတော့ ပြည်သူတွေထိတ်လန့်အောင် စိုးရိမ်စိတ်တွေများအောင် မတည်မငြိမ်ဖြစ်အောင် တမင်ဖန်တီးတဲ့ သတင်းမှားပါ။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဖေ့ဘုတ်တင်းမ်ကိုလည်း ဆက်သွယ်ထားပါတယ်။ သက်ဆိုင်ရာလူကြီးတွေကိုလည်း တင်ပြထားပြီး ဖြစ်ပါတယ်” လို့ VOM ကို ပြောပါတယ်။
တိုင်းကျန်းမာရေးဦးစီးဌာန(မန္တလေး)က ဒေါက်တာသန်းသန်းမြင့်ကတော့ “မဟုတ်လောက်ဘူးထင်တယ်။ မျိုးစိတ်ကွဲဆိုတာ ဒီတိုင်းကြီး ရမ်းပြောလို့မရဘူး။ ဒီလူတွေရဲ့ သွေးတို့ဘာတို့ကို ဆေးသုတေသနဦးစီးဌာန(ရန်ကုန်)ကနေပြီး‌တော့ ဒီဘက်က ပို့တဲ့ဟာတွေကို စမ်းသပ်နေတာလေ။ စမ်းသပ်နေတာကြောင့်မို့ ဒီဘက်က ပေါ့စတစ်တွေ ထားထားတာလေ။ သူကနေပြီး ပို့တာတော့ မဖြစ်နိုင်ဘူးထင်တယ်။ ကျမခုထိ သိရသလောက်တော့ သတင်းမှားဖြစ်ဖို့ များပါတယ်။ တကယ်ဖြစ်မယ်ဆိုရင် နိုင်ငံတော်က announce လုပ်မှာပါရှင့်။ ဒီမန္တလေးကနေ ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ သုတေသနလုပ်ရမယ့်ဟာပါ ချက်ချင်းလက်ငင်းကြီးလည်း မထွက်ပါဘူး” လို့ VOM ကို ပြောပါတယ်။
COVID-19 call center ကို ဆက်သွယ်မေးကြည့်တော့လည်း ကျန်မာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို စောင့်ကြည့်သင့်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကသာ အမှန်ဖြစ်တယ်လို့ တာဝန်ကျ ဆရာဝန်တဦးက ပြောပါတယ်။
ဇန်နဝါရီ ၉ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ တသိန်းသုံးသောင်းကျော်နဲ့ သေဆုံးသူ ၂၈၀၀ ကျော် ရှိနေပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW