စစ်ကိုင်းတိုင်းမှာ ယာဉ်တိုက်မှုကြောင့် သေဆုံး၊ဒဏ်ရာရတဲ့ ရဲဝန်ထမ်း အရေအတွက် မြှင့်တက်လာ

ဇန်နဝါရီ ၁၀ – ၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်းမှာ ၂၀၂၀ နှစ်သစ်ကူးချိန်ကစပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရ သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် မြှင့်တက်လာတယ်လို့ သိရပါတယ်။

မုံရွာမြို့၊ လေကြောင်းရဲတပ်ဖွဲ့ခွဲရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဇန်နဝါရီ ၈ ရက်ညပိုင်းက မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဆိုင်ကယ်စီးနေချိန် Hight jet ကားတစ်စီးနဲ့ တိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။

ဇန်နဝါရီ ၇ ရက်ကလည်း တမူးမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဒု-တပ်ကြပ် အသက် ၄၂ နှစ် အမျိုးသားဟာ တမူးမြို့မရဲစခန်းကနေ တာဝန်ကျနေရာဖြစ်တဲ့ ပြည်သူ့အငှားအိမ်ယာ ကိုဗစ်-၁၉ ကွာရန်တင်းစင်တာကိုသွားတဲ့ တမူး-ကလေး ကားလမ်းပေါ်မှာ ယာဉ်တိုက်မိလို့ ရရှိဒဏ်ရာနဲ့ တမူးဆေးရုံမှာ သေဆုံးသွားခဲ့ပြန်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်၊ဒီဇင်ဘာ ၂၅ ရက် ညပိုင်းကလည်း ကနီမြို့နယ်၊ ဝင်းမနားရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား အမျိုးသား ၂ဦးဟာ ဘုတလင်သွားတဲ့ ကားလမ်းပေါ်မှာ ကားတစ်စီးနဲ့ မျက်နှာချင်းဆိုင်တိုက်မိပြီး ၁ ဦးသေ ၊ ၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

“ယာဉ်မတော်တဆဖြစ်စဉ်တွေကြောင့် တပ်ဖွဲ့ဝင်အင်အား ပြုန်းတီးလျော့နည်းခြင်းမရှိအောင် တိုင်းရဲတပ်မှူး ရဲမှူးကြီး ဝင်းကြည် ဦးစီးပြီး တပ်ဖွဲ့မှာ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး ဟောပြောတာနဲ့ စီစစ်ကြပ်မတ် အရေးယူတာတွေ ပြုလုပ်နေပါတယ်”လို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ရုံးက အကြီးတန်းရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ၊ ဒီဇင်ဘာလကလည်း အရာတော်မြို့မရဲစခန်းမှာ နယ်ထိန်းတာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ဦးဟာ မုံရွာ- ရွှေဘို ကားလမ်းအတိုင်း ဆိုင်ကယ်စီးလာစဉ် လေ့ကျင့်ရေး ၁၀ စစ်တပ်အနီးမှာ ယာဉ်တိုက်မိလို့ သေဆုံးသွားခဲ့ပြီး အဲ့ဒီ ရဲဝန်ထမ်းနဲ့ တိုက်မိတဲ့ တဖက်ဆိုင်ကယ်ကို စီးနင်းလာသူ လူငယ် ၂ ယောက်ဟာလည်း သေဆုံးခဲ့ရပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းမှာ နှစ်သစ်ကူးအချိန်ကာလအတွင်း ယာဉ်တိုက်မိလို့ ရဲဝန်ထမ်း ၄ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတဲ့အပြင် အဲ့ဒီ ရဲဝန်ထမ်းတွေနဲ့ တိုက်မိတဲ့ ပြည်သူ ၂ ဦးလည်း သေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ ခရိုင် ၁၀ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်မှာ ၂၀၂၀ခုနှစ် ရဲ့ ၁ နှစ်တာအတွင်း ယာဉ်မတော်တဆမှု (၁၂၄၉)မှု၊ တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရသူ (၁၅၅၂)ဦး၊ ဒဏ်ရာရရှိသူ (၁၉၀၂) ဦးရှိတဲ့အနက် အမျိုးသား (၁၄၂၃)ဦး၊ အမျိုးသမီး (၄၇၉)ဦး ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄၄၈) ဦး အနက် အမျိုးသား သေဆုံးမှုက (၃၆၅) ဦး၊ အမျိုးသမီး သေဆုံးမှု (၈၃)ဦးဖြစ်နေတဲ့အတွက် အမျိုးသားယာဉ်တိုက်မှု ၄ ကြိမ်မှာ အမျိုးသမီး ယာဉ်တိုက်မှု ၁ ကြိမ်ခန့်သာ ပျှမ်းမျှဖြစ်ပွားနေတဲ့အတွက် အမျိုးသားတွေ ယာဉ်အသုံးပြုတဲ့အခါ သတိကြီးစွာနဲ့ အသုံးပြုကြဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က အကြံပြုထားပါသေးတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ရဲဝန်ထမ်း #ယာဉ်တိုက်မှု #ထိခိုက်သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW