တန့်ဆည်မှာ ရေမော်တာကတဆင့်မီးလောင်၊ သိန်း ၂၄၀ကျော်ဆုံးရှုံး

ဇန်နဝါရီ ၁၀-၂၀၂၁
ဟိန်းကို(VOM)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်၊ မေတ္တာမြိုင်ရပ်ကွက်ရှိ လူသုံးကုန်ပစ္စည်းနဲ့ ဆေးပစ္စည်းဆိုင် တစ်ဆိုင်မှာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဆိုင်အတွင်း ကားဂိုဒေါင်ရှိ ရေမော်တာ မိန်းခလုတ်ကို မပိတ်ဘဲထားရာ ဝါယာကြိုးအပူလွန်ကဲပြီး မီးပွားတွေထွက်ကာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တန့်ဆည်မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” မီးလောင်တာက ၁၂နာရီ ၁၅လောက်က စလောင်တာပေါ့၊ သတင်းရတော့ တန့်ဆည်ကကားတွေက ၁၂နာရီ ၃၅မှာထွက်တယ်၊ မီးလောင်မှုကို တန့်ဆည်ကမီးငြိမ်းသတ်ယာဉ်၊ရေဦးမြို့နယ်က မီးငြိမ်းသတ်ယာဥ်၊ ဒီပဲယင်းမြို့နယ်က မီးငြိမ်းသတ်ယာဉ်တွေ၊ ရွာရှည်(မ)နယ်မြေမီးသတ်စခန်းက ရေသယ်ယာဉ်၊ အင်္ကုက္ကားနယ်မြေမီးသတ်စခန်းက ရေသယ်ယာဉ် စုစုပေါင်း မီးငြိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၆)စီးနဲ့ မီးငြိမ်းခဲ့တယ်၊ မနက် ၁နာရီ၃၅မှာ မီးငြိမ်းပါတယ်”လို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးအေးမြင့်ကပြောပါတယ်။

မီးလောင်မှုကြောင့် Mark-2 အိမ်စီးကားတစ်စီး၊ Suzuki Etirta အိမ်စီးကား တစ်စီး၊ စူပါကပ်ဆိုင်ကယ် တစ်စီး၊ အိမ်အတွင်းပစ္စည်းနဲ့ ကားဂိုဒေါင်တို့ ပျက်စီးကာ မီးသတ်တွက်ချက်တန်ဖိုးငွေ သိန်း ၂၄၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး လူသုံးကုန်နဲ့ ဆေးဝါးပစ္စည်းဆိုင်ပိုင်ရှင် အသက် ၆၇နှစ်အရွယ် အမျိုးသားကို တန့်ဆည်မြို့မရဲစခန်းက (ပ)၁၁/၂၀၂၁၊ ပြစ်မှုပုဒ်မ-၂၈၅(မီးပေါ့ဆစွာသုံးစွဲမှု)နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

Photo – ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာန
#voiceofmyanmar #VOM #တန့်ဆည် #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW