မန်နေဂျာကိုအလုပ်ထုတ်ရာကနေ အထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ထောင်ကျော်ဆန္ဒပြ

ဇန်နဝါရီ ၁၁-၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် စက်မှုဇုန်-၁ ရှိ ရွှေသဇင်အထည်ချုပ်စက်ရုံရှေ့မှာ မန်နေဂျာကို အလုပ်ထုတ်လိုက်လို့ အလုပ်သမားတစ်ထောင်ကျော်ဆန္ဒပြတောင်းဆိုမှု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

အလုပ်သမားတစ်ထောင်ကျော်ဟာ မန်နေဂျာပြန်လည်ခန့်ထားပေးရေးနဲ့ အလုပ်သမားဥပဒေပါ အခွင့်အရေးတွေဆုံးရှုံးနေတဲ့အတွက် ဆန္ဒပြတောင်းဆိုခြင်းဖြစ်တယ်လို့ စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ မအိရွှေစင်က ပြောပါတယ်။

“ကျွန်မတို့ ၂၁ချက် တောင်းဆိုထားတယ်၊ အဲ့ဒီအချက်ပြေလည်မှ လုပ်ငန်းခွင်ပြန်ဝင်မယ်”လို့ မအိရွှေစင်ကပြောပါတယ်။

စက်ရုံဝန်ထမ်းတွေဟာ အလုပ်နားချိန်၁နာရီအပြည့်အဝပေးရေး၊ စက်ရုံမှူးကို ချက်ချင်းအလုပ်ရပ်ဆိုင်းပေးရေး၊ တရုတ်တွေဖိနှိပ်မှုအောက်မှ လွတ်မြောက်စေရေး၊ တရားမျှတပြီး လုပ်ငန်းခွင်သာယာမှုကို ပေးနိုင်သော မန်နေဂျာဒေါ်ထက်ထက်အား အလုပ်ပြန်ခန့်ပေးရေး၊ ဝန်ထမ်းများအား အတင်းအကြပ် ညဆိုင်းခိုင်းစေခြင်းအား ရပ်တန့်ပေးရေး စတဲ့ အချက်တွေပါဝင်တဲ့ တောင်းဆိုချက် ၂၁ ချက်ကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအလုပ်သမားတွေ ဆန္ဒပြတာကို သွားရောက်ကူညီပေးခဲ့တဲ့ Action Labor Rightအဖွဲ့မှ စည်းရုံးရေးမှူး ကိုကျော်ကျော်က “အဓိကဖြစ်တာက မန်နေဂျာကို အလုပ်ထုတ်တာကနေ အခြားအချက်တွေပါ အလုပ်သမားတွေတောင်းဆိုတာ၊ ညှိနှိုင်းတာတော့ အဆင်မပြေဘူး။ မန်နေဂျာကို ပြန်မခန့်ဘူး နစ်နာကြေးပေးမယ်ပေါ့၊ ကျန်တာတွေက ဆက်ပြီးညိုနှိုင်းသွားမယ်”လို့ ပြောပါတယ်။

လက်ရှိမှာ ရွှေပြည်သာမြို့နယ် အလုပ်သမားဦးစီးဌာနက တာဝန်ရှိသူတွေရောက်ရှိနေပြီး အလုပ်ရှင်၊အလုပ်သမားနဲ့ အလုပ်သမားဦးစီးဌာန တာဝန်ရှိသူတွေ ၃ပွင့်ဆိုင်ညှိနှိုင်းဖြေရှင်းပေးခဲ့ေ့ပမယ့် ပြေလည်မှုမရှိဘူးလို့ Action Labor Rightအဖွဲ့မှ စည်းရုံးရေးမှူး ကိုကျော်ကျော်ကပြောပါတယ်။

ရွှေသဇင်အထည်ချုပ်စက်ရုံဟာ အမျိုးသမီးဝတ်ဘော်လီနဲ့ ဘောင်းဘီတွေချုပ်လုပ်တဲ့ စက်ရုံဖြစ်ပြီး အလုပ်သမားဦးရေ ၁၉၀၀နီးပါးနဲ့ လည်ပတ်နေတဲ့စက်ရုံတစ်ရုံလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွှေသဇင်အထည်ချုပ် #အလုပ်သမား #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW