ကိုဗစ်ကြောင့် အိမ်ခြံမြေဈေးကွက် ဇူလိူင်လလောက်မှ ပြန်ပြီးအသက်ဝင်နိုင်ဖို့ မျှော်လင့်ရမယ်

ဇန်နဝါရီ ၁၃ -၂၀၂၁
သိင်္ဂီထွန်း(VOM)

ကိုဗစ်ဂယက်ကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်ဟာ ဇူလိူင်လလောက်မှ ပြန်ပြီးအသက်ဝင်နိုင်ဖို့ မျှော်လင့်ရမယ့်အခြေအနေဖြစ်နေတယ်လို့ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းကနေ သိရပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ မတ်လကတည်းကနေ လက်ရှိအချိန်ထိ အိမ်၊ ခြံ၊ မြေ ဈေးကွက်အခြေအနေက အေးစက်နေပြီး ရပ်တန့်လုနီးပါးအထိ ဖြစ်ခဲ့ရပါတယ်။

နောက်ပြီး အခုချိန်ထိလည်း ကိုဗစ်ရောဂါက ဖြစ်ပွားနေဆဲဖြစ်တာကြောင့်၂၀၂၁ ခုနှစ်ရဲ့ နှစ်ဝက်လောက်အထိကို အိမ်၊ ခြံ၊ မြေဈေးကွက်ဟာ အေးစက်နေနိုင်တယ်လို့ သုံးသပ်ပြောဆိုလိုက်တာဖြစ်ပါတယ်။

“COVID ကာလမှာ ဈေးကွက်ကမရှိတာတော့ မဟုတ်ဘူး ရှိတယ်၊ ရောင်း၊ ဝယ်၊ ငှားတွေက အေးစက်နေတယ်။ ကိုဗစ်ကြောင့် Stay at Home သတ်မှတ်လိုက်ပြီးနောက်မှာ ဈေးကွက် ထိုးကျပေမယ့် ရုံးခန်း ငှား၊ ပြောင်းရွှေ့တာတွေ၊ နောက်ပြီး အိမ်ဝယ်ယူမှုတွေကလည်း အေးနေတယ်။ ကြိုက်ရောင်း/ ကြိုက်ဝယ် ပုံစံမျိုးတော့ သွားနေတယ်။ နောက်ပြီး မြေကွက်ဝယ်ယူမှုကလည်း ပြည်ပရင်းနှီးမြှုပ်နှံသူတွေက မဝင်တော့ မြေဝယ်ပြီး မြှုပ်နှံမယ့်သူကလည်း မရှိတော့ဘူး ဖြစ်နေတယ်”လို့ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း ပြန်ကြားရေးတာဝန်ခံ ဦးကျော်ထက်ကပြောပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတာဟာ ၁၁ လထဲကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူတွေရှိသလို၊ ကုမ္ပဏီလုပ်ငန်း၊ စက်ရုံ/အလုပ်ရုံ ၊ ဝန်ထမ်း၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေလည်း စီးပွားရေးအကြပ်အတည်းကို ရင်ဆိုင်နေကြရတာကြောင့် အရင်က ငှားရမ်းထားတဲ့အခန်းကို ထပ်မံငှားရမ်းဖို့အခက်အခဲတွေကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်ပေါ် အမှီပြုရပ်တည်နေရတဲ့ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း စီးပွားရေး အဆင်မပြေမှုတွေရှိနေတာကြောင့် ကိုဗစ်ထိန်းချုပ်နိုင်ပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။

ကမာရွတ်မြို့နယ်မှာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အဖြစ်လုပ်ကိုင်နေတဲ့ ကိုဝင်းကိုက “ အခုဖြစ်နေတာက အိမ်၊ ခြံ၊ မြေ ဈေးကွက်တန်းဖိုးတွေ ကျသွားပေမယ့် အဝယ်တွေ မရှိသလောက်နည်းတယ်။ အငှားတောင် သိပ်မရှိဘူး။ အရင်ကဆိုရင် တိုက်ခန်း အငှားသမားက နေ့တိုင်းလိုလို ရှိတယ်။ အရောင်းအဝယ်တွေလည်းဖြစ်တယ်။ အခု ကိုဗစ်ဖြစ်ကတည်းက အကိုတို့ အလုပ်မလုပ်ရတာကြာပြီ။ ငှားပြီးသားတိုက်ခန်းတောင် ထပ်ငှားဖို့မတတ်နိုင်လို့ ၆ လအစား ၃ လချုပ်တာတွေရှိတယ်။ အိမ်ငှားသူ၊ဝယ်သူ မရှိတော့ အကျိုးဆောင်တွေလည်း အခက်အခဲကြုံနေရတာပေါ့။ ဒါကြောင့် ကိုဗစ်အမြန်ပြီးမှဖြစ်မယ်”လို့ပြောပါတယ်။

လက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ အရင်တုန်းက သိန်း ၅၀၀၊ ၄၀၀ တန်ဖိုးရှိခဲ့တာတွေက အခုဆိုရင် သိန်း ၃၀၀ ကျော်လောက်သာ ရှိတော့တာဖြစ်ပြီး အနိမ့်ဆုံးဈေးက သိန်း ၂၀၀ ဝန်းကျင်ကနေ စတင်ဝယ်ယူလို့ရတဲ့အခြေအနေရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #အိမ်ခြံမြေဈေးကွက်

Related posts

Leave a Comment

VOM News

FREE
VIEW