ဟောင်ကောင်ထီပေါက်တယ်ဆိုပြီး ငွေကြေး သိန်း ၂ ထောင်ကျော် လိမ်ခဲ့တဲ့ဂိုဏ်းကို မန္တလေးမှာရုံးထုတ်စစ်ဆေး

မန္တလေး၊ ဇန်နဝါရီ- ၁၂- ၂၀၂၁
ရှိုင်းအောင်(VOM)
ဟောင်ကောင်ထီထိုးဖို့ ဖြားယောင်းသွေးဆောင်ခဲ့ပြီး ထီပေါက်တယ်ဆိုကာ မြန်မာငွေ ၂၁၃၄ သိန်းလိမ်လည်ခဲ့တဲ့ နိုင်ဂျီရီးယားနိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို မှုခင်းအထူးစုံစမ်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တဲ့အတွက် မန္တလေးမြို့ ချမ်းမြသာစည်တရားရုံးမှာ ပုဒ်မ ၆၆(ဂ)နဲ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
အမှုဖြစ်စဉ်မှာ တရားလို ဒေါ်ခင်မာကြူကို အွန်လိုင်းမှာ ရင်းနှီးခဲ့တဲ့ ဟောင်ကောင်မှာ နေသူ ကျန်ဇီဟောက်က ဟောင်ကောင်ထီထိုးမလားဆိုပြီး ဒီ ၄ လပိုင်းထဲမှာ ဆက်သွယ်တယ်လာတဲ့အတွက် ဒေါ်ခင်မကြူကလည်း ဟောင်ကောင်ထီထိုးမယ်ဆိုပြီး ထီထိုးခဲ့တာက စခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဟောင်ကောင်ထီထိုးဖို့အတွက် ထီဖိုးက အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကျခဲ့ပြီး အမေရိကန်ဒေါ်လာငွေ ၁ သောင်းနဲ့ ညီမျှတဲ့ ငွေကိုပို့ပေးပါလို့ ကျန်ဇီဟောက်က ပြောတဲ့အတွက် တန်ဖိုးနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကို UARLONG ဆိုတဲ့ ကမ္ဘောဇဘဏ်အကောင့်ကို လွှဲပေးလိုက်တယ်လို့ ဆိုပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာတော့ ဒေါ်ခင်မာကြူကို ဟောင်ကောင်ထီပေါက်တယ်ဆိုကာ ကျန်ဇီဟောက်က ဆက်သွယ်လာပြီး ထီပေါက်တဲ့အတွက်ကြောင့် အခွန်ငွေ ၅၆၂ သိန်းလွှဲပေးရမယ်လို့ ပြောတဲ့အတွက်ကြောင့် ဦးဝင်းမောင်ရဲ့ ဘဏ်အကောင့်ကို ဒေါ်ခင်မာကြူက ငွေလွှဲ ပေးလိုက်တယ်လို့လည်း သိရပါတယ်။
အခွန်ငွေ ၅၆၂ သိန်းကို လွှဲပေးလိုက်တဲ့အပြင် ဟောင်ကောင်ဗဟိုဘဏ်မှာ အာမခံအဖြစ်နဲ့ ဒေါ်လာ ၁ သိန်း ထားရမယ်လို့ ကျန်ဇီဟောက်က ဖုန်းဆက်တဲ့အတွက်ကြောင့် ဦးဖုန်းရွှေဆိုတဲ့ ကမ္ဘောဇဘဏ်အကောင့်ကို ထပ်မံငွေလွှဲခဲ့ကာ ဒေါ်လာ ၁ သိန်းနဲ့ ညီမျှတဲ့ငွေပမာဏကို
ဦးဖုန်းရွှေရဲ့ ကမ္ဘောဇဘဏ်အကောင့်ကို သိန်း ၄၃၀၊ MOBILEBanking ထဲက သိန်း ၁၀၀နဲ့ နောက်ထပ် သိန်း ၆၀၀၊ ဦးဝင်းမောင်ရဲ့ ကမ္ဘောဇဘဏ် အကောင့်ကို ငွေကျပ် သိန်း ၃၀၀ လွှဲပေးခဲ့တယ်လို့ တရားလိုပြုလုပ်တိုင်တန်းတဲ့ ဒေါ်ခင်မာကြူက ထွက်ဆိုထားတယ်လို့ ချမ်းမြသာစည်မြို့နယ်တရားသူကြီး ဦးကိုကိုက VOM ကိုပြောပါတယ်။
“ဒီငွေတွေကိုလည်း ဟောင်ကောင်က ကျန်ဇီဟောက်ဆိုတဲ့ သူကလည်း လက်ခံရရှိပါတယ်ဆိုပြီးတော့ အကြောင်းပြန်ပေးတယ်။ ဒေါ်ခင်မာကြူကနေ ထီပေါက်တာတွေလွှဲပေးပေါ့နော် ဟိုကအကြောင်းအမျိုးမျိုးတွေပြပြီး ဖုန်းကိုချသွားတယ် ဆက်သွယ်လို့ မရတော့ဘူး အဲ့ဒါကြောင့်မို့ သူ့ကို ထီပေါက်တယ်ဆိုတဲ့ တရားခံတွေကို စုံစမ်းဖော်ထုတ်ပေးပါဆိုပြီးတော့ တိုင်ထားတော့ CID ကနေ ဖမ်းထားတာ ကျော်ငြိမ်းချမ်းအောင်အပါအဝင် ၁၉ ဦးကို ဒီအကောင့်တွေနဲ့ စပ်ဆက်မှုရှိမရှိကို စစ်ချင်တဲ့အတွက်ကြောင့် ချုပ်မိန့်တောင်းလာတဲ့အတွက် ၂၆ ရက်နေ့အထိ ချုပ်မိန့်ပေးထားတယ်” လို့ ချမ်းမြသာစည်မြို့နယ်တရားသူကြီး ဦးကိုကိုက VOM ကို ပြောပါတယ်။
အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခဲ့တဲ့သူတွေနဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့သူ နိုင်ဂျီရီးယားနိုင်ငံသား ၂ ဦး မြန်မာနိုင်ငံသား ၁၇ ဦးတို့ကို CID က စစ်ဆေးဖို့အတွက် ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ချုပ်ရက်ရမာန်ယူဖို့တောင်းခံလာတာကြောင့် လာမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ချုပ်ရက်ရမာန်ပေးခဲ့တယ်လို့ မြို့နယ်တရားသူကြီး ဦးကိုကိုက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW