တစ်သျှူးငှက်ပျောခြံထဲမှာ တရုတ်နိုင်ငံသား အလောင်း ၁လောင်းတွေ့

ဇန်နဝါရီ ၁၄ -၂၀၂၁
ကိုတိုးကြီး (VOM)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက တစ်သျှူးငှက်ပျောခြံ လုပ်ကွက်ဆိုဒ်(၂)ထဲက ကားပေါ်မှာ တရုတ်နိုင်ငံသား ၁ဦးသေဆုံးနေတာကို မနေ့ ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်းက တွေ့ခဲ့ရတယ်လို့ မွန်မြတ်စေတနာလူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။

“ငှက်ပျောခြံ အမည်က ပါဝါနိုင်း ခြံဖြစ်တယ် ၊ DB ရုပ်အလောင်းက ကားရှေ့ခန်းထဲကတွေ့တယ်၊ တရုတ်နိုင်ငံသား တစ်ယောက်လို့ပဲ လက်တလော ပြောလို့ရမယ်၊ ကားက အိမ်စီးကား YGN 2H/… အဖြူရောင် ဖြစ်တယ်၊ ကားတံခါးတွေက လော့ခ်ချထားတယ်”လို့ မွန်မြတ်စေတနာလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သေဆုံးနေတဲ့ တရုတ်နိုင်ငံသားဟာ ငှက်ပျောခြံထဲက အိမ်စီးကား တစ်စီးရဲ့ ဒရိုင်ဘာထိုင်ခုံပေါ်မှာ အနက်ရောင်စွပ်ကျယ် ဝတ်ဆင်ထားပြီး အောက်ပိုင်းမှာ အဝတ်မပါဘဲတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“သေဆုံးသူ တရုတ်နိုင်ငံသားက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒယ်ဟိုခရိုင်၊ ရင်ကျန်းမြို့မှာနေတဲ့ တစ်သျှူးငှက်ပျောစိုက်ပျိုးရေးပညာရှင် တစ်ယောက်ဖြစ်တယ်၊ နာမည်က မစ္စတာ ကော်ရိန်ဖြင် အသက် ၄၉ နှစ် ဖြစ်တယ်”လို့ ဝိုင်းမော်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဝိုင်းမော်မြို့နယ် လ.ဝ.က ရုံးရဲ့ စစ်ဆေးချက်အရ သေဆုံးသူ တရုတ်နိုင်ငံသားဟာ တရုတ်နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူဖြစ်ပြီး နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ တရုတ်နိုင်ငံသားရဲ့ ရုပ်အလောင်းကို ရဲဆေးစာနဲ့ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရဘူးလို့ သိရပါတယ်။

ဝိုင်းမော်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်- ၁/၂၀၂၁ နဲ့ မှုခင်းဆေးပညာအရ စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့နယ်မှာ တစ်သျှူးငှက်ပျော စိုက်ပျိုးရေး လုပ်သားတွေနဲ့ လုပ်ငန်းရှင်တွေအကြား လုပ်အားခ ငွေကြေး မရှင်းလင်းတာနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ ၆ လလောက်ကစပြီး ဆက်ဆံရေး မပြေလည်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

Photo – မွန်မြတ်စေတနာ လူမှုကူညီရေး
#voiceofmyanmar #VOM #ဝိုင်းမော် #တစ်သျှူးငှက်ပျောခြံ #တရုတ်နိုင်ငံသားအလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW