ပြည်အကျဉ်းထောင်က အချုပ်သား ၂ဦး ကိုဗစ်ပိုးတွေ့လို့ ထောင်ကိုအသွားအလာကန့်သတ်

ဇန်နဝါရီ ၁၅ -၂၀၂၁
သိင်္ဂီထွန်း(VOM)

ပြည်မြို့အကျဉ်းထောင်က အချုပ်သား ၂ ဦးမှာ ကိုဗစ်-၁၉ပိုးတွေ့ရှိတာကြောင့် ပြည်မြို့ကုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီးမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးထားတယ်လို့ သိရပါတယ်။

” နေမကောင်းလို့ ပြရင်းနဲ့ ပိုးတွေ့တာလို့သိရတယ်။ အချုပ်သားတွေဆိုတော့ ရုံးထုတ်ရတာတွေရှိတာပေါ့။ ပိုးတွေ့သူနဲ့ထိစပ်တဲ့ ၃၂ ဦးကိုတော့ အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်။ သူတို့ကိုလည်း ဆေးစစ်မယ်လို့သိရတယ်”လို့ ပြည်အကျဉ်းထောင်မှ အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးကပြောပါတယ်။

အချုပ်သား ၂ ဦးမှာ ပိုးတွေ့ရှိကြောင်းကို မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ စစ်ဆေးသိရှိရတာဖြစ်ပြီး ပိုးရှိကြောင်းသိရှိပြီးနောက်ပိုင်း ပိုးတွေ့လူနာ နှစ်ဦးကို မိုးမေတ္တာ နာရေးကူညီမှုအသင်းက Covid-19 သီးသန့်ယာဉ်နဲ့ တင်ဆောင်ကာ ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင်ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

“မနေ့ကပေါ့ ကျန်းမာရေးဌာနကဆက်သွယ်တော့ ကျနော်တို့အကျဉ်းထောင်ကိုသွားတယ်။ ဆက်သွယ်တော့မှ လမ်းကြောင်းထွက်တာပေါ့။ကိုဗစ်တွေ့တဲ့ ၂ယောက်ကိုခေါ်တယ်။ခေါ်ပြီး ဆေးရုံကြီးကိုပို့ပေးခဲ့တယ်။ ကျနော်တို့က အသေးစိတ်တော့မသိဘူး”လို့ မိုးမေတ္တာ နာရေးကူညီမှုအသင်းမှာ ကူညီပေးနေသူ ကိုအောင်ဦးခန့်ကပြောပါတယ်။

လက်ရှိမှာ ပြည်အကျဉ်းထောင်ကို အသွားအလာကန့်သတ်လိုက်ပြီဖြစ်ကြောင်းနဲ့ ထောင်ဝင်စာတွေ့ခွင့်ကတော့ အရင်ထဲက ကန့်သတ်ထားတယ်လို့ ထောင်ဘက်ကနေသိရပါတယ်။

အချုပ်သား၂ ဦးပိုးတွေ့ရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကေခိုင်ဝင်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့တာ မရှိပါဘူး။

Photo – မိုးမေတ္တာ နာရေးကူညီမှုအသင်း
#voiceofmyanmar #VOM #ပြည် #အချုပ်သား #ကိုဗစ်တွေ့ #အသွားအလာကန့်သတ်

Related posts

Leave a Comment

VOM News

FREE
VIEW