အထူးဒေသ တောထဲမှာ ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၁၅၁ ဦးကို ပြန်ခေါ်ဖို့စီစဉ်နေ

ဇန်နဝါရီ ၁၆ -၂၀၂၁
သိင်္ဂီထွန်း(VOM)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) နဲ့ အထူးဒေသ(၂)ထဲက ကြံခင်းတောထဲမှာ မြန်မာအလုပ်သမား ၁၅၁ ဦး ပိတ်မိနေတာ ဒီနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့အထိဆိုရင် ၃ ရက်ရှိပြီဖြစ်တယ်လို့ အလုပ်သမားတွေဆီကနေ သိရပါတယ်။

အလုပ်သမားတွေဟာ ” ဝ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ကျင်းဝါ ဆေးလိပ်စက်ရုံမှာ အလုပ်သွားရောက်လုပ်ကိုင်ခဲ့ကြတဲ့ မြန်မာအလုပ်သမားတွေဖြစ်ပါတယ်။

လက်ရှိမှာက ကိုဗစ်ကပ်ရောဂါဖြစ်နေတာကြောင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း စက်ရုံတွေကို လည်ပတ်ခွင့်ကန့်သတ်ထားတဲ့အတွက် အလုပ်သမားတွေမှာ စားဝတ်နေရေးအားလုံး အခက်အခဲဖြစ်နေတာကြောင့် နေရပ်ဒေသကိုပြန်လာခဲ့ရာ မြန်မာဘက်ကို ဝင်ခွင့်မရရှိသေးဘဲ ကြံခင်းတောထဲမှာ ပိတ်မိနေကြတာဖြစ်ပါတယ်။

” စက်ရုံကနေလိုက်ပို့တယ်။ နာရီဝက်လောက်ကြာတယ်။ သူတို့ပြောတာက မိုင်းယန်းဘက်ကပိတ်ထားတယ်ဝင်လို့မရဘူး၊ ဖြတ်မရဘူး ပိတ်ထားတယ်ပေါ့ ၊အဲ့ဒီတော့ ဒီဘက်မှာတစ်လမ်းရှိတယ် လိုက်ပို့မယ်ဆိုပြီး လိုက်ပို့တာပေါ့။ ခိုးလမ်းမှန်းတော့ မသိဘူး။ ကိုဗစ်ကြောင့် စက်ရုံတွေကပိတ်ကြတယ်။ ဒီဇင်ဘာလကတည်းက ပိတ်တယ်။ သူတို့က ထမင်းကျွေးထားတယ်။တရားဝင်လစာ ၂၀၀၀ ရသူကို ၁၀၀၀ ပေးတယ်။အခု ၁ လပိုင်းကစပြီး တရုတ်ငွေ ၅၀၀ ပဲပေးတော့ ကျမတို့က ဝယ်ရစားရတာ အစစအရာရာဈေးကြီးတဲ့အတွက်၊ စက်ရုံကလည်းပိတ်ထားတဲ့အတွက် ကျမတို့ကလည်းပြန်လာတယ်”လို့ ပိတ်မိခံနေရတဲ့ အလုပ်သမားတစ်ဦးဖြစ်သူ မအေးအေးသင်းကပြောပြပါတယ်။

အဲ့ဒီအလုပ်သမားတွေဟာ မိုင်းယန်းနဲ့ မိုင်းဖြတ် ကြားထဲက တောထဲမှာ ရှိနေတာဖြစ်ပေမယ့် အထူးဒေသ အုပ်ချုပ်မှုဧရိယာထဲဖြစ်နေတာကြောင့် နှစ်ဖက်တာဝန်ရှိသူတွေ ညှိနိူင်းပြီးလုပ်ဆောင်နေရတာကြောင့် အချိန်ကြန့်ကြာမှုရှိနေတာဖြစ်တယ်လို့ ကျိုင်းတုံးခရိုင်အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

လက်ရှိမှာတော့ ပိတ်မိနေတဲ့ အလုပ်သမားတွေကို ပြန်ခေါ်နိုင်ဖို့အတွက် လူစာရင်း၊ မှတ်ပုံတင်၊ နေရပ်လိပ်စာတွေကို ကောက်ယူနေကြောင်း၊ မနက်ဖန် ဇန်နဝါရီလ ၁၇ ရက်မှာတော့ အလုပ်သမားတွေကို ခေါ်ဆောင်နိုင်လိမ့်မယ်လို့ သိရပါတယ်။

“အထူးဒေသ ၄ နဲ့ ၂ ထဲကိုရောက်နေတာ။ ရောက်နေတော့ ကျနော်တို့က ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသားဆိုတော့ပြန်ခေါ်ရမှာပဲ။ ဒါပေမယ့် သူတို့က ဆေးလည်းစစ်မထားဘူး၊ Qလည်းဝင်မထားဘူးဆိုတော့ အခုမှကျနော်တို့က သူတို့ဒေသအလိုက်စာရင်းတွေ ကောက်နေတယ်။ မနက်ဖြန်မှာ သူတို့ကိုခေါ်ပြီး တောင်ကြီးကိုပို့မယ်၊ အခုလူစာရင်းတောင်ထားတယ်၊ သူတို့ကိုပို့ရမယ့်နေ့တွေခွဲရမယ်၊ ပြီးမှပြန်ပို့ရမယ်”လို့ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းကပြောပါတယ်။

ပိတ်မိနေတဲ့ အလုပ်သမားတွေထဲမှာ မကွေးတိုင်း ၊မန္တလေးတိုင်းနဲ့ တခြားနေရာတွေကလည်း ပါဝင်ကြောင်း အလုပ်သမားတွေကိုခေါ်ဆောင်ပြီးပါက သူတို့ရဲ့ သက်ဆိုင်ရာဒေသတွေကို ကားတင်ပို့ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Photo – MinLay
#voiceofmyanmar #VOM #ရှမ်းပြည်နယ် #ပိတ်မိမြန်မာအလုပ်သမား #ပြန်ခေါ်ဖို့စီစဉ်

Related posts

Leave a Comment

VOM News

FREE
VIEW