တောင်ကြီးမှာ လူတိုင်း ကိုဗစ်ပိုးရှိ-မရှိစစ်နိုင်ပြီ

တောင်ကြီး- ဇန်နဝါရီ-၁၈-၂၀၂၁
နေနန်းနွယ် (VOM)

တောင်ကြီးမြို့မှာ မည်သူမဆို အခကြေးငွေပေးပြီး ကိုဗစ်ပိုးရှိမရှိ စစ်ဆေးနိုင်တဲ့ အစီအစဉ် စတင်ပြီ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကသိရပါတယ်။

“ကျွန်တော်တို့က တစ်ရက်ကို လူ အယောက် ၅၀ အထိ စစ်ဆေးပေးပါတယ်။ မနက် ၉ခွဲကနေ နေ့လည် ၁၂ နာရီထိ၊ ပြီးရင် နေ့လယ်ထမင်းစားခဏနားပြီး နေ့ခင်း ၁ နာရီကနေ ညနေ ၃ခွဲအထိ လာစစ်နိုင်ပါတယ်။ ဒီနေ့ကစပြီး ညွှန်ကြားချက်မလာမချင်း နေ့တိုင်းစစ်ပေးနေမှာပါ၊ ခု လာစစ်ကြတဲ့လူတွေထဲမှာ ခရီးသွားမယ့်လူတွေ နည်းနည်းပါတယ်၊ ကိုယ့်ဟာကို သံသယဖြစ်လို့ လာစစ်တဲ့လူတွေလည်းပါတယ်၊ နောက်ပြီး တချို့ကျတော့ အလုပ်အသစ်လျှောက်ထားပြီး အလုပ်ခန့်မှာမလို့ အလုပ်က စစ်ခိုင်းလို့လာစစ်ကြတဲ့လူတွေလည်းပါပါတယ်” လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံး တာ၀န်ရှိသူ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

ကိုဗစ်ပိုးရှိမရှိကို မည်သူမဆို တောင်ကြီးမြို့ရှိ အစိုးရအဖွဲ့ရုံးဟောင်းနေရာတွင် သွားရောက်စစ်ဆေးနိုင်ပြီး တစ်ဦးလျှင် ၁၀၀၀၀ ကျပ် ကျသင့်တယ်လို့သိရပါတယ်။

တောင်ကြီးမြို့ကို ဦးစားပေးပြီး စတင်စစ်ပေးမှာ ဖြစ်ပေမယ့် ဟိုပုံး၊ ညောင်ရွှေ၊ ကလော အစရှိတဲ့ပတ်၀န်းကျင်ဒေသက သူတွေလည်း လာရောက် အစစ်ဆေးခံနိုင်တယ်လို့သိရပါတယ်။

အခုလို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးပြီးရင်တော့ ပြည်ထောင်စုက သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ ခရီးသွားလာနိုင်တော့မှာဖြစ်ပြီး ကိုဗစ်ပိုးရှိမရှိကိုတော့ RDT Test Kit တွေနဲ့စစ်ဆေးပေးတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ရှမ်းပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၁၁၃၄ ဦးရှိပြီး ၃ ဦးသေဆုံးထားကာ ၁၀၂၅ ဦး ဆေးရုံက ဆင်းသွားပြီလို့သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကြီးမှာကိုဗစ်ပိုးရှိမရှိစစ်နိုင်

Related posts

Leave a Comment

VOM News

FREE
VIEW