ပြည်ပကပြန်လာတဲ့ သူတွေမှာ COVID-19 ဗီဇသစ်တွေ့ပေမယ့် စိုးရိမ်စရာမလို

မန္တလေး၊ ဇန်နဝါရီ- ၁၈- ၂၀၂၀
ရှိုင်းအောင်(VOM)

ဂျော်ဒန်နိုင်ငံကနေ ပြန်လာတဲ့ ၆၃ ဦးမှာ ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က COVID-19 ပိုးတွေ့ရှိခဲ့တဲ့အတွက် အဲ့ဒီလူတွေထဲက ပိုးပမာဏအများဆုံးတွေ့ရှိခဲ့တဲ့သူ ၆ ဦးရဲ့ ဓာတ်ခွဲနမူနာယူပြီးစစ်ဆေးခဲ့ပါတယ်။ အဲလို စစ်ဆေးခဲ့တဲ့အချိန်မှာ GR Stain ဆိုတဲ့ COVID-19 မျိုးရိုးဗီဇအသစ် တွေ့ရှိခဲ့ပေမယ့် ဂျော်ဒန်နိုင်ငံမှာသာဖြစ်နေတဲ့ ရိုးရိုးရောဂါလက္ခဏာဖြစ်တာကြောင့် စိုးရိမ်စရာမလိုကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကသိရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးက VOM ကိုပြောတာကတော့

“ဒီနေရာမှာ တစ်ချို့လူတွေက အထင်မှားပြီးတော့ ဂျော်ဒန်နိုင်ငံမှာ ပိုးအသစ်တွေ့တယ်လို့ အထင်မှားပြီးပြောနေတာဖြစ်ပါတယ်။ ပိုးအသစ်မဟုတ်ပါဘူး၊ နိုင်ငံအလိုက်ဖြစ်ပေါ်နေတဲ့ ကိုဗစ် ကိုဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇလေးတွေက တဖြေးဖြေးနဲ့ ပြောင်းလဲမှုလေးတွေရှိပါတယ်။ ဒီနေရာမှာ ကျမတို့နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတာ GH Stain လို့ခေါ်ပါတယ်။ GH Stain ဆိုတာဘာလဲဆိုရင် 614 G နဲ့ 257 H ကို ပေါင်းထားတဲ့ GH Stain ဖြစ်ပါတယ်။ သူ့ရဲ့မျိုးနွယ်ကိုပြောမယ်ဆိုရင် B 1.36 ဖြစ်ပါတယ်။ကျမတို့ဆီနဲ့ ကမ္ဘာပေါ်က နိုင်ငံအတော်များများမှာ ဖြစ်ပွားနေတဲ့ GH Stain ဖြစ်ပါတယ်။ ဂျော်ဒန်ကပြန်လာတဲ့ ၆ ယောက်မှာတွေ့တာက GR Stain ဖြစ်ပြီး သူ့ရဲ့မျိုးနွယ်စုကတော့ B 1132 ဖြစ်ပါတယ်။ ဂျော်ဒန်နိုင်ငံကနေ ပြန်လာတဲ့သူတွေဟာ ဘာလို့ဒီလိုအစုလိုက်အပြုံလိုက် ပိုးတွေ့ရှိခဲ့တာလဲဆိုတာကို ကျမတို့သိချင်တာကြောင့် ဆေးသုတေသနဌာနက မျိုးရိုးဗီဇစစ်ဆေးခြင်းကို ဆောင်ရွက်ပါတယ်။ တခြားကိုယ့်နိုင်ငံအတွင်းမှာ ဖြစ်ပွားကူးစက်မှုတွေဖြစ်နေတာ ဘာပိုးလဲဆိုတာ စဉ်ဆက်မပျက်သိရအောင် ဂျော်ဒန်ကပြန်လာတဲ့သူတွေထဲက ပိုးအကောင်ရေများများပါတဲ့ Simple ကိုယူပါတယ်။ ဒါမှသာ ကျမတို့ မျိုးရိုးဗီဇစစ်ဆးတဲ့အခါမှာ ပိုပြီးတော့ ပီပီပြင်ပြင်သိနိုင်ဖို့ရည်ရွယ်ပါတယ်” ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးက VOM ကိုပြောပါတယ်။

ကမ္ဘာပေါ်က တိုက်ကြီးတွေမှာ Stain ရဲ့ပိုးတွေက ပုံစံအမျိုးမျိုးနဲ့ ပျံနှံ့နေပြီး တရုတ်က စပျံတာကတော့ L Stain ဖြစ်ပြီး ၂၀၂၀ နှစ်အစမှာ S Stain ဆိုတာပြောင်းလဲလာပြီး Stain ၇ ခုရှိကာ ရန်ကုန်နဲ့ ပဲခူးက Simple ၅ ခုကတော့ အရင်ကတည်းက ရှိနေတဲ့ GH Stain ဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ဒီနေရာမှာဆိုလို့ရှိရင် ဂျပန်မှာလည်း တတိယလှိုင်းကို ရင်ဆိုင်နေရတယ်၊ တချို့နိုင်ငံတွေမှာလည်း တတိယလှိုင်းကို ရင်ဆိုင်နေရတယ် ကျမတို့နိုင်ငံမှာ ဒုတိယလှိုင်းကို ရင်ဆိုင်နေရတာ ၅ လလောက်ရှိပြီဖြစ်ပါတယ်၊ သူ့ရဲ့ပိုးတွေ့ရှိမှုက ကျသွားပြီးတော့ နိုင်နင်းတဲ့အနေအထားမှာရှိပါတယ်၊ သို့သော်ဒီအနေအထားကို ပေါ့ဆလို့မရပါဘူး၊ အားရကျေနပ်နေလို့လည်းမရပါဘူး၊ အစဉ်အမြဲသတိရှိနေရမှာဖြစ်ပါတယ်၊ဒုတိယလှိုင်းထက် ပိုဆိုးတဲ့ တိယလှိုင်းတွေ၊ စတုတ္ထလှိုင်းတွေ ဖြစ်နိုင်ခြေရှိပါတယ် လက်ရှိအနေအထားမှာသာ ပြည်သူတွေစည်းကမ်းလိုက်နာမှသာ သိပ်ပြီးတော့ ဆိုးဆိုးရွားရွားမဖြစ်မှာပါ” လို့ ‌ေဒါက်တာခင်ခင်ကြီးက” ပြောပါတယ်။

ဂျော်ဒန်ကပြန်လာတဲ့ Simple ထဲက ၆ ယောက်ကို ရန်ကုန်တိုင်းက Simple သုံးခု၊ ပဲခူးက ၂ ခု ယူပြီး စုစုပေါင်း Simple ၁၁ ခုကိုယူပြီးတော့ စစ်ဆေးတဲ့အခါမှာ ဂျော်ဒန်ကပြန်လာတဲ့သူ ၆ ယောက်လုံးမှာ ဂျော်ဒန်နိုင်ငံမှာ ဖြစ်ပွားကူးဆက်နေတဲ့ ရောဂါပိုးတွေ့ရှိရခြင်းဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

GR Stain တွေ့ရှိခြင်းဟာ ထွေထွေထူးထူးပြောင်းလဲလာမှာ မဟုတ်သလို သူများနိုင်ငံတွေမှာရော ကိုယ့်နိုင်ငံမှာရော သာမာန်ကူးဆက်မှုတွေရှိတဲ့ Stain တွေသာဖြစ်ပြီး အဲ့ဒီပိုးတွေ့ခဲ့တဲ့သူတွေကိုတော့ ဖောင်ကြီးကုသရေးစင်တာမှာ သာမာန်ရောဂါပိုးတွေ့ရှိခဲ့တဲ့သူတွေလို ဆေးကုသမှုခံယူနေကြောင်းကို ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၁၇ ရက် ည ၈နာရီ ထုတ်ပြန်ချက်အရ ပိုးတွေ့သူ ၁၃၄၃၁၈ ဖြစ်ပြီး သေဆုံးသူ ၂၉၅၅ ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

#VOM #voiceofmyanmar #COVID-19မျိုးရိုးဗီဇအသစ် #COVID-19 #ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန #ဒေါက်တာခင်ခင်ကြီး

 

Related posts

Leave a Comment

VOM News

FREE
VIEW