ပြည်အကျဉ်းထောင်က ဝန်ထမ်းတစ်ဦးနဲ့ အကျဉ်းသား ၁၈ ဦးမှာ ကိုဗစ်ပိုး ထပ်တွေ့

ဇန်နဝါရီလ ၂၁ -၂၀၂၁
သိင်္ဂီထွန်း(VOM)

ပြည်မြို့အကျဉ်းထောင်က ဝန်ထမ်းတစ်ဦးနဲ့ အကျဉ်းသား ၁၈ ဦးမှာ ကိုဗစ် – ၁၉ ရောဂါပိုး ထပ်မံကူးစက်ခံထားရတယ်လို့ ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပဲခူးတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်မောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ကျနော်ပြောနိုင်တာက ပိုးတွေ့တဲ့ဟာတွေကို ဘယ်မှာပဲဖြစ်ဖြစ် အကျဉ်းထောင်ထဲမှာတွေ့တွေ့ အရင်ကလည်းတွေ့ ခဲ့ဘူးတာရှိတယ်။ အဲ့ဒီတော့ ကျနော်တို့က ဒါတွေဖြစ်တာနဲ့ ဘာတွေလုပ်ရမယ်ဆိုတာ အကုန်လုံးရှိပြီးသား။ အဲ့ဒီအတိုင်း အထက်ဌာနအဆင့်ဆင့်ကိုလည်း ကျနော်တို့တင်ပြထားတယ်။ နောက်ပြီး တိုင်းအဆင့်မှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ အကျဉ်းဦးစီးဌာနတို့၊ ကျန်းမာရေးဌာနတို့က အကုန်လုံးညှိနိူင်းပြီး အကောင်းဆုံးဖြစ်အောင်လုပ်ထားပါတယ်”လို့ ပြန်လည်ဖြေကြားပါတယ်။

ပြည်အကျဉ်းထောင်ထဲက အကျဉ်းသားအပါအဝင် ၉၄ ဦးကို ကိုဗစ်ရောဂါပိုး ရှိ-မရှိ RDT နဲ့ စစ်ဆေးခဲ့ရာ ၁၉ဦးမှာ Positive ဖြစ်ကြောင်း သိရှိခဲ့ရတာဖြစ်တယ်လို့ မနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ ၁၉ ဦးအနက် အကျဉ်းဦးစီးဌာန ဝန်ထမ်းတစ်ဦးကို ပြည်ကုတင် ၅၀၀ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ကျန်တဲ့ ပိုးတွေ့အကျဉ်းသား ၁၈ ဦးကိုတော့ အကျဉ်းထောင်အတွင်းမှာပဲ ကုသမှုပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကစတင်ကာ ပြည်အကျဉ်းထောင်ထဲက အချုပ်သား ၂ ဦးမှာ ကိုဗစ် ၁၉ ပိုးစတင် တွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း အကျဉ်းထောင်အတွင်းက ထိစပ်သူတွေကို ထပ်မံစစ်ဆေးရာကနေ အခုလို ပိုးကူးစက်ခံထားရသူတွေကို ထပ်မံတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

အကျဉ်းထောင်အတွင်း ကိုဗစ်ပိုးတွေ့ရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကေခိုင်ဝင်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားမှု မရှိခဲ့ပါဘူး။

ပြည်အကျဉ်းထောင်ကိုတော့ အရင်အချုပ်သား ၂ ဦး ကိုဗစ်ပိုးတွေ့တဲ့အချိန်ကစပြီး အသွားအလာကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။

ပြည်မြို့နယ်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့အထိဆို ကိုဗစ်ပိုးတွေ့လူနာ ၂၀၀ ကျော်အထိရှိနေတယ်လို့ ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပြည် #အကျဉ်းထောင် #ကိုဗစ်လူနာထပ်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW