ရိုဟင်ဂျာဒုက္ခသည်တွေကို အခုနှစ်ဒုတိယသုံးလပတ်မှာ ပြန်လက်ခံဖို့ မြန်မာသဘောတူ

ဒါကာ၊ ဇန်နဝါရီ ၂၀-၂၀၂၁
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အခုနှစ် ဒုတိယသုံးလပတ်မှာ ပြန်ခေါ်ဖို့အတွက် တရုတ်နိုင်ငံရဲ့စီစဉ်မှုနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်-တရုတ် အွန်လိုင်း သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ မြန်မာဘက်က သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။

ဒုက္ခသည်တွေပြန်ခေါ်ရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်က တွန်းအားပေးနေပေမယ့် ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်တွေအတွက် အချိန်ယူရဦးမှာဖြစ်တာကြောင့် မြန်မာဘက်က ထပ်ပြီးရွှေ့ဆိုင်းခဲ့တယ်လို့ ပြောပါတယ်။

မိမိတို့အနေနဲ့ အခုနှစ်ပထမ သုံးလပတ်မှာ ဒုက္ခသည်တွေပြန်ခေါ်လုပ်ငန်းစဉ်စဖို့ တွန်းအားပေးခဲ့ပေမယ့် ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်တွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေအတွက် အချိန်ပိုယူဖို့လိုတယ်ဆိုတာကြောင့် ဒုတိယသုံးလပတ်မှာ ဒုက္ခသည်တွေ ပြန်ခေါ်ရေးစတင်ဖို့ တောင်းဆိုချက်ကို မြန်မာဘက်က သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် မာဆွတ်ဘင်မိုမန်က ပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည်ပြန်လည်လက်ခံံရေး စတင်ချိန်မှာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာအသိုင်းအဝိုင်းက အကူအညီပေးရေးအဖွဲ့တွေ ရှိနေတာကို ဆက်လက်ထိန်းသိမ်းထားဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ တိုက်တွန်းချက်ကို မြန်မာနဲ့တရုတ်နိုင်ငံဘက်က နားလည်သဘောတူခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ပြောပါတယ်။

ပထမအသုတ်အဖြစ် ဒုက္ခသည်ပြန်လည်လက်ခံရေး စတင်တာနဲ့ ဒုက္ခသည်တွေအတွက် ကာကွယ်ဆေးကို တရုတ်နိုင်ငံက ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

ဒုက္ခသည်တွေကို နေရပ်ပြန်ပို့တာဟာ ရိုဟင်ဂျာပြဿနာကို အဆုံးသတ်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က အစည်းအဝေးမတိုင်မီ လေးရက်အလိုမှာ ပြောဆိုခဲ့ပါတယ်။

Ref:Anadolu
Photo: Anadolu
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW