တပ်ကထုတ်တဲ့ ကရင်ပြည်နယ်မဲစာရင်းတွေကို UECက ရှင်းလင်းပေးဖို့ KNDPပါတီတောင်းဆို

ဇန်နဝါရီ ၂၂ -၂၀၂၁
အေးချမ်းသူ(VOM)

တပ်မတော်ကထုတ်ပြန်ထားတဲ့ ကရင်ပြည်နယ် မဲသမာမှုစာရင်းတွေကို ပြည်သူတွေ သံသယရှင်းစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖြေရှင်းပေးစေလိုကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)က မနေ့ဇန်နဝါရီ ၂၁ ရက်နေ့က တောင်းဆိုထားတာဖြစ်ပါတယ်။

“ရွေးကောက်ပွဲမှာ နဂိုကျနော်တို့တွက်ထားတာ များများစားစားရှိတယ်ပေါ့။ အနိမ်ဆုံးမရရင်တောင် ထက်ဝက်လောက်တော့ရမယ်ပေါ့၊ တကယ်တမ်းထွက်လာတော့ ဇိုးရိုးပိတ်တယ်ဆိုတော့ အထင်နဲ့အမြင်အများကြီးလွဲသွားတယ် သံသယစိတ်တွေ အများကြီးဝင်တယ်”လို့ (KNDP)ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက VOMကိုပြောပါတယ်။

တပ်မတော်အနေနဲ့ မဲစာရင်းလိုက်ပြီး စိစစ်တဲ့အခါ ကရင်ပြည်နယ်က မဲမသမာမှု အများဆုံးဆိုတာကို တာဝန်ရှိတဲ့ UECအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ရှင်းရှင်းလင်းလင်းသိရှိစေဖို့ ချပြပေးစေလိုတဲ့အတွက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက မနေ့ ဇန်နဝါရီလ ၂၁ရက်နေ့မှာပဲ ကြေညာချက်ထုတ်ပြန်လိုက်ရတာဖြစ်တယ်လို့ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ရှင်းပြပါတယ်။

“ရွေးကောက်ပဲွဲပြန်လုပ်ပေးဖို့ တောင်းဆိုတာလည်းမဟုတ်ဘူး။ ပြည်သူတွေက မဲစာရင်းနဲ့ ပတ်သက်ပြီး သို့လော သို့လော ထင်ကြတယ်၊ ဒါကို UEC အနေနဲ့ ပြည်သူလူထုမဲဆန္ဒရှင်တွေကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ တောင်းဆိုတာပါ”လို့ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၁၇ ရက်နေ့အထိ ၂၁ ကြိမ်မြောက် စိစစ်တွေ့ရှိချက်တွေ ထုတ်ပြန်ရာ ကရင်ပြည်နယ်ရှိမြို့နယ် (၇)မြို့မှာ မဲမသမာမှုကို ဖြစ်စေနိုင်တဲ့ စာရင်းစုစုပေါင်း (၃၇၂၂၈၆) မဲရှိပြီး ရာခိုင်နှုန်းအနေနဲ့ ၃၁ ဒသမ ၂၂ ရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုထုတ်ပြန်ပြီး ၄ ရက်မြောက်နေ့မှာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)မှ UECအနေနဲ့ မဲမသမာမှုစာရင်းတွေ ပြည်သူတွေကို ချပြဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်မှာ မဲစာရင်းကိစ္စအပြင် ဖာပွန် နဲ့ ညောင်လေးပင်(ကျောက်ကြီးဒေသ)ရှိ KNUထိန်းချုပ်ရာနယ်မြေတွေမှာ အပစ်အခတ်ရပ်စဲရေးနဲ့ DKBA ထိပ်သီးခေါင်းဆောင်ပိုင်း ၃ ဦးကို ဖိအားပေးနှုတ်ထွက်ခိုင်းတဲ့ကိစ္စ တာဝန်ရှိသူတွေ ညိုနှိုင်းကြဖို့ စတဲ့အချက်တွေကိုပါ ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)ဟာ ကရင်ပြည်နယ်အတွင်း ကရင်တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုရရှိခဲ့ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဲဆန္ဒနယ် (၂၉) နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နေရာအားလုံး ရူံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #KNDPပါတီ #တပ်မဲစာရင်းကိစ္စ #UECဖြေရှင်းပေးဖို့ #တောင်းဆို

Related posts

Leave a Comment

VOM News

FREE
VIEW