လွှတ်တော် ပထမဆုံးနေ့မှာ ဘာတွေ လုပ်ကြမလဲ

ဇန်နဝါရီ ၂၅-၂၀၂၁
ဆွေလင်းထွန်း(VOM)

ဖေဖေါ်ဝါရီ ၁ရက်နေ့မှာခေါ်ယူထားတဲ့ နေပြည်တော်က တတိယအကြိမ်မြောက်လွှတ်တော်ရဲ့ ပထမဆုံး လွှတ်တော်အစည်းအဝေးတက်ဖို့အတွက် ကျန်းမာရေးစစ်ဆေးဖို့နဲ့ ကွာရန်တင်းဝင်ဖို့အတွက် အနိုင်ရထားတဲ့ ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဆေးစစ်ပြီးကျသလို နေရာထိုင်ခင်းအတွက် တည်းခိုရာနေရာတွေကို အသင့်ရောက်ရှိနေကြပါပြီ။

မြန်မာနိုင်ငံ လက်တွေ့လိုက်နာကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော် ပထမဆုံးအစည်းအဝေးကို ရွေးကောက်ပွဲစကျင်းပတဲ့ရက်ကနေ ရက်ပေါင်း၉၀အတွင်း ခေါ်ယူရမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ပထမဆုံးအစည်းအဝေးကို ပြည်သူ့လွှတ်တော်သက်တမ်း စတင်တဲ့ရက်ကနေ ၇ရက်အတွင်း ခေါ်ယူရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကိုတော့ ပြည်သူ့လွှတ်တော်သက်တမ်း စတင်တဲ့ရက်ကနေ ၁၅ရက်အတွင်း ခေါ်ယူရမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အစည်းအဝေးတွေ စတင်ကျင်းပတဲ့ ပထမဆုံးနေ့မှာ လွှတ်တော်တက်ခွင့်ရှိတဲ့ ကိုယ်စားလှယ် စုစုပေါင်းရဲ့ ထက်ဝက်ကျော်ဦးရေ တက်ရောက်ရင် အစည်းအဝေး အထမြောက်ပါတယ်။ အဲ့ဒီအရေအတွက် မပြည့်ဘူးဆိုရင်တော့ အစည်းအဝေးကို ရွှေ့ဆိုင်းရမှာ ဖြစ်ပါတယ်။ သတ်မှတ်ကိုယ်စားလှယ်မပြည့်လို့ ရွှေ့ဆိုင်းကျင်းပတဲ့ အစည်းအဝေးမှာ ဒါမှမဟုတ် အစည်းအဝေးအထမြောက်ပြီးနောက် ဆက်လက်ကျင်းပတဲ့ အစည်းအဝေးတွေမှာတော့ လွှတ်တော်တက်ခွင့်ရှိတဲ့ ကိုယ်စားလှယ် စုစုပေါင်းရဲ့ သုံးပုံတပုံတက်ရောက်ရင် အစည်းအဝေး အထမြောက်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေရဲ့ ပထမအစည်းအဝေး စတင်ကျင်းပတဲ့နေ့မှာ လွှတ်တော်ရဲ့သဘာပတိ ရွေးချယ်မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာလွှတ်တော်ရဲ့ ကိုယ်စားလှယ်တွေထဲက တဦးကို အစည်းအဝေးတက်ရောက်ပြီး ဆန္ဒမဲပေးတဲ့ ကိုယ်စားလှယ်တွေရဲ့ အများစုဆန္ဒမဲနဲ့ သဘာပတိအဖြစ် တင်မြှောက်ရမှာ ဖြစ်ပါတယ်။ ရွေးချယ်လိုက်တဲ့ သဘာပတိဟာ လွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌတွေ ရွေးကောက်တင်မြှောက်ပြီးချိန်အထိ လွှတ်တော်အစည်းအဝေးကို ကြီးကြပ်ရမှာ ဖြစ်ပါတယ်။

အဲ့ဒီနောက် သဘာပတိက ကြီးကြပ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ကတိသစ္စာပြုတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေ ကတိသစ္စာပြုပြီးရင်တော့ လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတွေကို ရွေးကောက်တင်မြှောက်မှာ ဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌတို့ကို သက်ဆိုင်ရာလွှတ်တော်ရဲ့ ကိုယ်စားလှယ်တွေထဲက ရွေးကောက်တင်မြှောက်ရမှာ ဖြစ်ပါတယ်။ အစည်းအဝေးတက်ရောက်ပြီး ဆန္ဒမဲပေးတဲ့ ကိုယ်စားလှယ်တွေရဲ့ အများစုဆန္ဒမဲနဲ့ လွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌတို့ကို ရွေးကောက်တင်မြှောက်ရမှာ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ဟာ နောက်တကြိမ် လွှတ်တော်သက်တမ်း မစတင်မီအထိ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အစည်းအဝေးတွေကို တနှစ်မှာ အနည်းဆုံးတကြိမ် ဥက္ကဌက တာဝန်ယူပြီး ခေါ်ယူရမှာ ဖြစ်ပါတယ်။ အစည်းအဝေး တကြိမ်နဲ့တကြိမ်ကြားမှာ ၁နှစ်ထက်ပိုပြီး မကြာစေရပါဘူး။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွေကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌက ခေါ်ယူကျင်းပနိုင်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အစည်းအဝေး ခေါ်ယူဖို့ သက်ဆိုင်ရာ ဝန်ကြီးချုပ်က အကြောင်းကြားလာရင် လွှတ်တော်ဥက္ကဌက လွှတ်တော်အထူးအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူပေးရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် အစည်းအဝေးခေါ်ယူပေးဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ လေးပုံတပုံကတောင်းဆိုရင် လွှတ်တော်ဥက္ကဌက အထူးအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူပေးရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ပေါင်းပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်အစည်းအ‌ဝေးကို ပြည်သူ့လွှတ်တော် စတင်တဲ့နေ့ကနေ ၁၅ရက်အတွင်း ကျင်းပရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို တနှစ်မှာ အနည်းဆုံးတကြိမ် ခေါ်ယူရမှာ ဖြစ်ပါတယ်။ အစည်းအဝေး တကြိမ်နဲ့တကြိမ်ကြားမှာ ၁နှစ်ထက်ပိုပြီး မကြာစေရပါဘူး။ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို နာယက က ခေါ်ယူကျင်းပနိုင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူဖို့ နိုင်ငံတော်သမ္မတက အကြောင်းကြားလာရင် နာယက က လွှတ်တော်အထူးအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူပေးရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခေါ်ယူပေးဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းရဲ့ လေးပုံတပုံကတောင်းဆိုရင် နာယက က အထူးအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူပေးရမှာ ဖြစ်ပါတယ်။

လွှတ်တော်သက်တမ်းတခုစတင်တဲ့ နေ့ရက်ကနေ လပေါင်း ၃၀ပြည့်တဲ့နေ့အထိ အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌတို့ဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ နာယကနဲ့ ဒုတိယနာယကတာဝန်တို့ကိုပါ ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ လပေါင်း ၃၀ မှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌတို့က ပြည်ထောင်စုလွှတ်တော်ရဲ့ နာယကနဲ့ ဒုတိယနာယကတာဝန်တို့ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

မနေ့ကကျင်းပတဲ့ အနိုင်ရပါတီ NLD ဗဟိုကော်မတီအစည်းအဝေးမှာတော့ ပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က သူတို့ပါတီအနေနဲ့ လွှတ်တော်ဥက္ကဌနေရာတော့ ပါတီက ရွေးချယ်ထားပြီးဖြစ်တယ်လို့ဆိုပေမယ့် ဘယ်သူဘယ်ဝါဆိုတာကိုတော့ ထုတ်ဖေါ်ပြောမသွားပါဘူး။

#voiceofmyanmar #VOM #လွှတ်တော်ပထမဆုံးနေ့

Related posts

Leave a Comment

VOM News

FREE
VIEW