မောင်တောမှာ တစ်ဖက်နိုင်ငံက ဒုက္ခသည်တွေ ခိုးဝင်မှုရှိနေဆဲ

ဇန်နဝါရီ ၂၇ -၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်အတွင်း ပြီခဲ့တဲ့ရက်ပိုင်းက တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြီး ခိုးဝင်မှုတွေ ဆက်ရှိနေတယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလိုမျိုး တစ်ဖက်နိုင်ငံကနေ မောင်တောခရိုင်အတွင်း ခိုးဝင်မှုတွေ ရှိနေတဲ့အပေါ် ဒေသခံတွေအနေနဲ့ အလွန်စိုးရိမ်မှုတွေရှိနေကြောင်း မောင်တောမြို့နယ်တောင်ပိုင်း၊ အောင်သုခရွာကဒေသခံ ကိုကျော်ဆန်းမင်းက ပြောပါတယ်။

” အဲ့ဒီ ခိုးဝင်တာက လက်ရှိ ရှိနေတာလား။ နဂိုကတည်းက မောင်တောဖက်က ထွက်ပြေးသွားတဲ့လူတွေ ပြန်ဝင်လာတာလား ပြောဖို့ခက်ပါတယ်။ နဂိုကတည်းက ကျနော်တို့မှာ စိုးရိမ်နေရတာ။ အခုလို တစ်ဖက်နိုင်ငံက ခိုးဝင်မှုတွေရှိနေတယ်ဆိုတော့ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုက (၃)ဆလောက်တောင် တိုးပါတယ်။ ခိုးဝင်လာတာတွေကိုတော့ လုံခြုံရေးဆိုင်ရာ ဌာနဆိုင်ရာတွေအနေနဲ့ ထိထိရောက်ရောက်တားဆီးစေချင်တယ်”လို့ မောင်တောဒေသခံ ကိုကျော်ဆန်းမင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိတဲ့ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ခြံစည်းရိုးတစ်လျှောက် လုံခြုံရေးဆောင်ရွက်နေချိန် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က နယ်စပ်မှတ်တိုင် ၂၄ အနီးမှာ နယ်စပ်ခြံစည်းရိုးကို ကျော်တက်ကာ တရားမဝင်ခိုးဝင်လာတဲ့ လူ ၂ ဦးကိုတွေ့ရှိရတာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ဆက်စပ်ပြီး မောင်တောခရိုင် အုပ်ချုပ်ရေးမှူးကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးတက်နေကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

အဲ့ဒီ လူနှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရပ်တန့်ဖို့ သတိပေးပြောဆိုခဲ့ပေမယ့် ထွက်ပြေးသွားတာကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာလူခါလီ ဒုက္ခသည်စခန်းက နူလာမိန် ၃၅ နှစ်ဟာ နယ်စပ်ခြံစည်းရိုးပေါ်က ခုန်ချချိန် ငုတ်နဲ့ထိုးမိတာကြောင့် အောက်နုတ်ခမ်းပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)နဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူနဲ့ အတူခိုးဝင်လာတဲ့ ဘူဟာရီ ၂၅ နှစ်(ဘ) ဒူဟာလောင်ဟာ တစ်ဖက် နိုင်ငံဘက်ကို ပြန်လည်ထွက်ပြေးသွားခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာကို စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ပြီး တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မောင်တော

Related posts

Leave a Comment

VOM News

FREE
VIEW