ဖာပွန်ခရိုင်အတွင်းက စစ်‌ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါး စားနပ်ရိက္ခာလိုအပ်‌နေ

ဇန်နဝါရီ ၂၈ -၂၀၂၁
ကောင်းလက်ျာ(VOM)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ မူသဲခိုကျေးရွာအနီးတစ်ဝိုက်နဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အနီးရှိ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်မဟာအချို့နဲ့ တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုများပြားလာတာကြောင့် နေရပ်စွန့်ခွာလာသူ စစ်ဘေးရှောင် ၅၀၀၀နီးပါးအတွက် စားနပ်ရိက္ခာ အဓိကလိုအပ်နေတယ်လို့ ကရင်လူငယ်ကွန်ရက်ကနေ သိရပါတယ်။

” အဓိက စားနပ်ရိက္ခာလိုအပ်နေတာပေါ့။ ရက်ကြာလာရင် နေထိုင်ရာအဆောက်အဦးတွက် တာလပတ်လို ပစွည်းတွေလည်း လိုတယ်ဆိုပေမယ့် လူဦးရေက ကျောက်ကြီးဘက်နဲ့ပေါင်းရင် ၅ထောင်နီးပါးဆိုတော့ ရေရှည်မှာ ခက်ခဲလာနိုင်တယ်”လို့ ကရင်လူငယ်ကွန်ရက်မှ စောခူဘလူမူးက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း KNU တပ်မဟာ-၃ ၊တပ်မဟာ-၅ နဲ့ တပ်မတော်တို့ကြားမှာ တိုက်ပွဲထိတွေ့ဖြစ်ပွားမှု ပိုမိုများပြားလာကြောင်း၊ မူလက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော်ခန့်သာရှိ‌နေခဲ့ရာ လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးရှိနေတယ်လို့ဒေသခံအချို့နဲ့ ကရင်လူငယ်ကွန်ရက်အဖွဲ့ကနေ သိရပါတယ်။

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးအနီးတဝိုက်မှာ စစ်ဘေးရှောင် ၁၀၀၀ ခန့်ရှိနေတယ်။ ဖာပွန်ဘက်နဲ့ပေါင်းရင် စစ်ဘေးရှောင် ၅၀၀၀ နီးပါးဖြစ်နေပြီ။ ဟိုတစ်နေ့က ပဲခူတိုင်းက ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စားနပ်ရိက္ခာတွေနဲ့ အသုံးဆောင်အချို့ လာထောက်ပံ့ပေးသွားတယ်”လို့ ကျောက်ကြီးမြို့ခံ စောနိုဗဲလ်က ပြောပါတယ်။

ဇန်နဝါရီလ ဒုတိယအပတ်ကနေ တတိယပတ်ခန့်အတွင်း တပ်မတော်နဲ့ KNUလက်နတ်ကိုင်တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုအချို့ကြောင့် ဒေသခံအချို့သေနတ်ထိမှန်သေဆုံးမ‌ှု ၊ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့တာကြောင့် အပြန်အလှန်စွတ်စွဲပြစ်တင်မ‌ှုအချို့လည်း ရှိနေတယ်လို့ ဒေသခံအ
ချို့က ပြောပြချက်အရ သိရပါတယ်။

” စစ်ဘေးရှောင်တွေကို တိုက်ရိုက်ကူညီ ကယ်ဆယ်ရေးလုပ်ချင်ပေမယ့် KNU ဘက်ကဝင်ခွင့်မပေးသေးဘူး။ စာ‌းရေးသောက်ရေးက မလုံလောက်တာတော့ အမှန်ပဲ”လို့ ကျောက်ကြီးမြို့ခံ အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ ဦးမိုးကြီးက ရှင်းပြပါတယ်။

တပ်မဟာ-၃ ၊ တပ်မဟာ-၅ နယ်မြေတို့မှာ တပ်မတော်က ကားလမ်းဖောက်လုပ်နေတာနဲ့ပတ်သက်လို့ နှစ်ဖက် သဘောထားတင်းမာနေခြင်းဖြစ်ပြီး အခုလ ၁၅ ရက်နေ့ကလည်း ထိပ်တိုက်တွေ့ဆုံမှုအချို့ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၅၀၀ ကျော်ခန့်က စတင်ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက်ပိုင်း တစ်စတစ်စပိုမိုများပြားလာခြင်းဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

အခုထွက်ပြေး‌တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ဖာပွန်ခရိုင်၊ မူသဲခိုဘက်က ကျေးရွာတွေနဲ့ ပဲခူတိုင်း၊ ကျောက်ကြီးအရှေ့ဘက်ကျေးရွာအချို့ကဖြစ်ပြီး နီးစပ်လုံခြုံတဲ့ နေရာတွေမှာ ခိုလုံနေရတာဖြစ်လို့ စားရေးသောက်ရေးခက်ခဲ့နေတာဖြစ်ပါတယ်။

အခုရက်ပိုင်းမှာလည်း နှစ်ဖက်ပစ်ခတ်တိုက်ခိုက်နေကြသလို ပေါက်ကွဲသံတွေ ကြားနေရဆဲဖြစ်တဲ့အတွက် ရေရှည်ဖြစ်ပွားမှာ စိုးရိမ်နေတယ်လို့ ကူညီ‌ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo – ကရင်လူငယ်ကွန်ရက်
#voiceofmyanmar #VOM #ဖာပွန် #စစ်ဘေးရှောင်ငါးထောင်နီးပါး #စားနပ်ရိက္ခာလိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW