ရန်ကုန်တိုင်းမှာ ကိုဗစ်ထောက်ပံ့ကြေး တစ်ကြိမ်မှမရဖူးတဲ့ ထပ်တိုးစာရင်းပါသူတွေကို တအိမ်ထောင် ၄သောင်းထောက်ပံ့

ရန်ကုန်-ဇန်နဝါရီ ၂၈-၂၀၂၁
သိင်္ဂီထွန်း(VOM)

အစိုးရရဲ့ ကိုဗစ်ထောက်ပံ့ကြေး တစ်ကြိမ်မှမရဖူးခဲ့တဲ့ ရန်ကုန်တိုင်းထဲက အခြေခံ လူတန်းစား အိမ်ထောင်စုတွေကို တစ်အိမ်ထောင် ၄၀၀၀၀ ကျပ် ထောက်ပံ့မှုကို ဒီကနေ့ ဇန်နဝါရီ၂၈ ရက်နေ့မနက်ပိုင်းကစပြီး ပေးအပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

“လှိုင်သာယာ အရှေ့ပိုင်းမှာဆိုရင် ထပ်တိုးအိမ်ထောင်စု ၅၂၀၀၀ ကျော်ထပ်ရတယ်။ ဒီနေ့စပေးနေပြီ။ ကျန်တဲ့အိမ်ထောင်စုတွေထပ်ရတယ်ပေါ့။ ကျန်ခဲ့တဲ့သူတွေဆိုပြီး စာရင်းထပ်ကောက်လိုက်တော့ လိူင်သာယာမြို့မှာဆိုရင်ပဲ တော်တော်လေးကို အကုန်လုံး နီးပါးကို ရမယ်လို့ထင်ပါတယ်။ အခြေခံလူတန်းစားအိမ်ထောင်စုတွေပေါ့၊ မဖြစ်မနေပေးသင့်ပေးထိုက်သောသူများပေါ့”လို့ လှိုင်သာယာအရှေ့ပိုင်း ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းကပြောပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့အတူ ကိုယ်စားလှယ်တွေ ၊သက်ဆိုင်ရာတာဝန်ရှိသူတွေက ထောက်ပံ့ ကြေးတွေကို ပေးအပ်နေကြပါတယ်။

ခုလို ထောက်ပံ့မှုတွေမပြုလုပ်ခင်မှာ အစိုးရရဲ့ ကိုဗစ်ကာလထောက်ပံ့ကြေးကို မဖြစ်နေလိုအပ်တဲ့ အခြေခံ အိမ်ထောင်စုတွေစာရင်းကို တောင်းခံခဲ့သလို သေချာစနစ်တကျကောက်ယူခဲ့သဖြင့် ရသင့်ရထိုက်သူအားလုံး ထောက်ပံ့ကြေးရရှိတာကြောင့် ထောက်ပံ့ကြေးမရလို့ အငြင်းပွားမှုတွေ ၊ ပြသာနာတွေ ဖြစ်ပွားတာမျိုးမရှိနိုင်ဘူးလို့ သုံးသပ်ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ ကျန်ခဲ့လို့ဆိုပြီးထပ်လာပြောတာမရှိဘူး ၊ဘာလို့မရှိလဲဆိုတော့ ကျနော်တို့ကလည်း ပထမတစ်ခေါက်ထောက်ပံ့ပြီးကတည်းက နောက်ထပ် တင်ပြစရာရှိသလားဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်ကြေငြာထားခဲ့တာဖြစ်လို့ ထပ်တင်ပြလာစရာမရှိနိုင်ဘူး။ ခုပေးတာကအရင်မှာမရလိုက်လို့ အခက်အခဲတွေရှိတယ် ဆိုပြီးအကြောင်းအမျိုးမျိုးပေါ့ ကိုဗစ်ကာလရှည်လာတဲ့အတွက်ကြောင့် အဲ့ဒီအပေါ်မှာမူတည်ပြီး အခက်အခဲတွေဖြစ်ပေါ်လာတာပေါ့။ ဖြစ်ပေါ်လာတဲ့အိမ်ထောင်စု၊ထပ်တိုးလာတဲ့အိမ်ထောင်စုတွေကိုပဲပေးတာပါ။ အရင်တုန်းကရပြီးသားအိမ်ထောင်စုတွေ ထပ်မရတော့ပါဘူး။”လို့မင်္ဂလာတောင်ညွှန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းကပြောပါတယ်။

ရန်ကုန်အပါအဝင် တနိုင်ငံလုံးက အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုပေါင်း (၂၀၁၁၀၉၅ ) စုကို ထောက်ပံ့မှုပေးအပ်ဖို့ ငွေကျပ် ( ၅၆.၀၇၆၆) ဘီလီယံ ခွင့်ပြုချက်ရရှိထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ အစိုးက အခြေခံလူတန်းစားတွေကို ပထမအကြိမ်မှာ အိမ်ထောင်စု ၄ သန်းကို ပစ္စည်း ၅မျိုး၊ အိမ်ထောင်စု ၁.၄ သန်းကို ငွေကျပ် ၁၅၀၀၀ ထောက်ပံ့ပေးခဲ့ပြီး ဒုတိယအကြိမ်မှာ ငွေကျပ် ၄၀၀၀၀ ကို ကျပ် ၂ သောင်းစီ ၂ ကြိမ်ခွဲပြီး ဇူလိုင်လနဲ့ သြဂုတ်လ တွေမှာ အိမ်ထောင်စုပေါင်း ၅.၄ သန်းခန့်ကို ထပ်မံထောက်ပံ့ခဲ့ပါတယ်။

တတိယအကြိမ်မှာတော့ အိမ်ထောင်စုပေါင်း ၅.၇ သန်းခန့်အထိ စက်တင်ဘာလမှာ တိုးမြှင့်ထောက်ပံ့ပေးခဲ့ကြောင်း၊ စတုတ္ထ အကြိမ်မှာ အိမ်ထောင်စုပေါင်း ၆.၁ သန်းခန့်ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနစာရင်းတွေအရသိရပါတယ်။

အခုလက်ရှိ ရန်ကုန်တိုင်းမှာထောက်ပံတာမျိုး ပဲခူးတိုင်းမှာ ကောက်ယူထားတာသာရှိပြီး ထောက်ပံ့ပေးတာတော့ မတွေ့ရသေးပါဘူးလို့ သိရပါတယ်။

Photo – MyinMyatThu
#voiceofmyanmar #VOM #ရန်ကုန် #ထောက်ပံကြေး #ထပ်တိုးစာရင်းတွေ #ထောက်ပံ့ပေး

Related posts

Leave a Comment

VOM News

FREE
VIEW