မြန်မာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သြစတြေးလျရပ်ဆိုင်း

ဆစ္ဒနီ၊ မတ်-၈-၂၀၂၁

မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းလို့ ဆန္ဒပြမှုအကြီးအကျယ်ဖြစ်ပွားနေတဲ့အပေါ် အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းတာတွေလုပ်ဆောင်နေချိန်မှာဘဲ မြန်မာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ သြစတြေးလျ နိုင်ငံခြားရေး၀န်ကြီး Marise Payne က ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှုတွေကို လူသားချင်းစာနာထောက်ထားမှု အရေးပေါ်လိုအပ်နေတဲ့ ကဏ္ဍနဲ့  လူနည်းစုတိုင်းရင်းသားတွေအတွက် ပြောင်းလဲအသုံးပြုသွားမယ်လို့ သူရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာတွေကိုပဲ မိမိတို့ဦးစားပေးထောက်ပံ့သွားမှာဖြစ်ပြီး ဒီလိုဆောင်ရွက်မှုမှာ အစိုးရသို့မဟုတ် အစိုးရနဲ့ ဆက်နွယ်နေတဲ့အဖွဲ့အစည်းတွေနေရာမှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အစားထိုးလက်တွဲသွားမယ်လို့ သြစတြေးလျ နိုင်ငံခြားရေး၀န်ကြီးကဆိုပါတယ်။

မြန်မာနဲ့ သြစတြေးလျနိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ အင်္ဂလိပ်ဘာသာစကား သင်ကြားပေးတာမျိုးအပါအ၀င် စစ်မြေပြင်တိုက်ခိုက်ရေးမဟုတ်တဲ့ ပုံစံမျိုးအဖြစ်သာ ကန့်သတ်ထားပြီး လက်ရှိမှာ ဒါကိုလည်းရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

သြစတြေးလျအနေနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ် ကိုလွှတ်ပေးရေးအတွက် ဆက်လက်တောင်းဆိုသွားမှာဖြစ်ပြီး သူဟာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းမှုပြီးနောက် ဖမ်းဆီးခံခဲ့ရတယ်ဖြစ်ပါတယ်။

အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး သြစတြေးလျအစိုးရအနေနဲ့ ခိုင်မာတဲ့ရပ်တည်ချက်တစ်ခုချဖို့အတွက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဆစ်ဒနီမြို့မှာ သြစတြေးလျပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။

Ref: Reuters Photo:AP

#voiceofmyanmar #VOM #သြစတြေးလျ

Related posts

Leave a Comment

VOM News

FREE
VIEW