ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်ရဖို့ အမေရိကန်ကြိုးစားနေ

ဝါရှင်တန်၊ မတ်-၁၃-၂၀၂၁
မျိုးဆက်(VOM)

လွန်ခဲ့တဲ့သီတင်းပတ်အတွင်း စစ်ဘက်ထိန်းသိမ်းရေးစခန်းမှာ NLD ပါတီ၀င်နှစ်ဦးသေဆုံးသွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံရေးသမားတွေကို ဆက်သွယ်မှုရဖို့ ကြိုးစားနေတယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းမှုပြီးနောက် အရပ်သားဦးဆောင်တဲ့အစိုးရရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ကဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူမဦးဆောင်တဲ့ NLD ပါတီဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရရှိခဲ့ပေမယ့် ရွေးကောက်ပွဲမသမာမှု တွေရှိတယ်လို့စစ်တပ်က စွပ်စွဲပြီး အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပါတယ်။

စစ်တပ်က မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်မှုရဖို့အတွက် မိမိတို့မှာ ထူးခြားတဲ့ တောင်းဆိုမှုတစ်ရပ်ရှိတယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်ကပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုအတွက် မိမိတို့အနေဖြင့် အစဉ်တစ်စိုက်မေးမြန်းစုံစမ်းနေပြီး ဖမ်းဆီးခံထားရသူတွေနဲ့ ဆက်သွယ်နိုင်ဖို့အတွက် သင့်တော်တဲ့လမ်းကြောင်းတွေကတစ်ဆင့် လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။

အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက အမေရိကန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် မကြာသေးမီသီတင်းပတ်တွေအတွင်း ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တဲ့ မြန်မာစစ်တပ်က ငြင်းဆန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက အရပ်သား ၇၀ ကျော်သေဆုံးခဲ့ပြီး လူ ၂၀၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref:CNBC
Photo: AFP

#VoiceOfMyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #အမေရိကန်

Related posts

Leave a Comment

VOM News

FREE
VIEW