ကချင်သယံဇာတဝန်ကြီးအမှု တရားလိုရဲ့ မိတ္တူသက်သေခံကို ကန့်ကွက်ထား

မတ် ၂၃ -၂၀၂၁
VOM

ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းရဲ့အမှုက တရားလိုတင်သွင်းထားတဲ့ မိတ္တူသက်သေခံကို ဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ခရိုင်တရားရုံးရဲ့ အဆုံးအဖြတ်ယူဖို့ ကန့်ကွက်ထားတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးက VOM ကို ပြောပါတယ်။

ဦးဒါရှီလဆိုင်းကို ရာဇာသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲထားရာမှာ တရားလိုဖြစ်သူ မြစ်ကြီးနားမြို့နယ် ဒုတိယမြို့နယ်မှူး ဦးမင်းရန်နိုင်ထွန်းဘက်က လူမှုကွန်ယက် Facebook စာမျက်မှာက ထုတ်ပြန်ချက်ကို မိတ္တူစာရွက် သက်သေခံပစ္စည်းအဖြစ် တင်သွင်းထားတာဖြစ်ပါတယ်။

” Social Media ပေါ်ပြန့်နေတဲ့ စာကို အခြေခံပြီး တရားစွဲထားတာဖြစ်လို့ အဲ့ဒီစာရွက်မိတ္တူကို သက်သေခံအဖြစ် တရားရုံးမှာ တင်သွင်းတယ်၊ နှစ်ဖက်လျှောက်လဲချက် ကြားနာပြီးတော့ အဲ့ဒါကို တရားရုံးကနေ သက်သေခံအဖြစ်လက်ခံတဲ့အမိန့် ချမှတ်လိုက်တယ်။ အဲ့ဒီအမိန့်ကို ကျွန်တော်တို့က ကျေနပ်မှုမရှိတဲ့အတွက် နောက်ခရိုင်တရားရုံးကိုတက်တာပေါ့၊ သက်သေခံဥပဒေမှာ ဖော်ပြထားတဲ့အချက်အလက်တွေထဲမှာ အကျုံးဝင်မှသာလျှင် သက်သေအဖြစ်လက်ခံရမယ်လို့ ဥပဒေမှာဆိုထားတာ၊ အချက် ၇ ချက်မှာ အကျုံးဝင်မှ မိတ္တူစာရွက်စာတမ်းကို သက်သေခံအဖြစ်လက်ခံလို့ရတာ။ တရားလိုဘက်က သက်သေ ပြရမယ် ဒီစာရွက်စာတမ်းကို ဆောင်ရွက်ထားတဲ့အကြောင်း ဒုတိယအဆင့် သက်သေခံအဖြစ်သွင်းရမယ်ဆိုလျှင် ခုနကအချက်တွေကို သူက အထင်အရှားပြပေါ့၊ အဲ့ဒီလို တင်ပြမှုမရှိဘဲနဲ့ မိတ္တူကြီး ဒီအတိုင်းကောက်ယူလာပြီးတော့ တရားရုံးကိုကောက်တင်တယ် ။ ကောက်တင်လိုက်တော့ ကောက်လက်ခံတယ်၊ အဲ့ဒီပုံစံမျိုးသွားတဲ့အတွက် ကျွန်တော်တို့က ဒါတွေဟာ ဒီအတိုင်းလုပ်လို့မရဘူး သူ့ရဲ့ အချက်အလက်နဲ့ညီမှ လက်ခံလို့ရတယ်ပေါ့ ။ ဒါကိုညီတယ် မညီဘူးဆိုတာကတော့ အထက်တရားရုံးက ဆုံးဖြတ်မှာပေါ့ ” လို့ ဦးဒါရှီလဆိုင်းဘက်က အမှုလိုက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးက ပြောပါတယ်။

တရားလိုဘက်က မတ်လ (၁၆) ရက်နေ့မှာ သက်သေခံအဖြစ် တင်သွင်းတဲ့ မိတ္တူစာရွက်ကို မြို့နယ်တရားရုံးက လက်ခံထားတာတယ်လို့ သိရပါတယ်။

ဦးဒါရှီလဆိုင်းရဲ့ရှေ့နေတွေက နောက်တစ်ကြိမ်ရုံထုတ်မယ့်ရက် မတိုင်ခင် မတ်လ ၂၂ ရက်နေ့မှာ မူရင်းစာမဟုတ်တဲ့ Facebook စာမျက်‌နှာက မိတ္တူကူယူထားတဲ့ စာတမ်းဖြစ်နေလို့ သက်သေခံဥပဒေပုဒ်မ ၆၅ ပါ အချက် ၇ ချက်နဲ့ မညီတဲ့အတွက် ခရိုင်တရားရုံးရဲ့ အဆုံးအဖြတ် ခံယူဖို့ တင်သွင်းခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး ရာဇဝတ်ကျင့်ထုံး အမှုနံပါတ် ၁၆/၂၀၂၁ နဲ့ ကနဦး လက်ခံထားပြီး လာမယ့် ဧပြီလ (၂) ရက်နေ့မှာတော့ တရားလိုဘက်က တင်သွင်းတဲ့ မိတ္တူဟာ သက်သေခံဥပဒေပါ အချက် ၇ ချက်မှာ အကြုံးဝင်ကြောင်း ခရိုင်တရားရုံးသို့ တက်ရောက် သက်သေပြရမှာ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ နှစ်ဖက်ကြားနာမှုတွေပြုလုပ်ပြီး သက်သေခံသွင်းတာကိုပယ်ဖျက်တာ ဒါမှမဟုတ် အောက်ရုံးအမိန့်အတိုင်းလက်ခံတာ စတဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်မှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အောက်ရှိ ဦးစီးဌာန အဖွဲ့အစည်းများနဲ့ လက်အောက်ခံရုံးဌာန အသီးသီးက သက်ဆိုင်ရာ အရာရှိ/အရာထမ်းတွေအားလုံး အစိုးရသစ်ဖွဲ့စည်းပြီးတဲ့အထိ ရုံးပိတ်ရက် သတ်မှတ်ကြောင်း ဖေဖော်ဝါရီလ (၉) ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ထိုးခဲ့လို့ တရားစွဲခံရတာဖြစ်ကြောင်း ယခင်ရုံးထုတ်အပြီးမှာ ကချင်သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောထားပါတယ်။

#voiceofmyanmar #VOM #ကချင် #သယံဇာတဝန်ကြီးအမှု #မိတ္တူသက်သေခံ #ကန့်ကွက်ထား

Related posts

Leave a Comment

VOM News

FREE
VIEW