မြိုင်မြို့နယ် ဆူးဝင်းရွာထဲကို ပြောက်ကျားဝတ်လက်နက်ကိုင် လူ ၂ ယောက်က ဓားပြဝင်တိုက်

သြဂုတ် ၊ ၁၉ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ၊ ဆူးဝင်းကျေးရွာအုပ်စု ၊ ဆူးဝင်းကျေးရွာမှာ ဒီကနေ့ မနက်အစောပိုင်းက ဓားပြတိုက်ခံရတယ်လို့ ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” ဒီမနက် ၁ နာရီမထိုးခင် ရွာထဲမှာ သေနတ်သံကြားရတယ် ၊ ရွာအရှေ့ပိုင်းက ဦးမျိုးထွန်းရဲ့အိမ် ဓားပြတိုက်ခံရတာ ၊ ဒီမနက် မိုးလင်းမှ သိရတယ် ” လို့ ဆူးဝင်းရွာခံ တစ်ယောက်က ပြောပါတယ်။
 
” ဓားပြတိုက်တယ်လို့ ပြောလို့မရဘူး ၊ အနုကြမ်းဝင်စီးတဲ့ ဖြစ်စဥ်ပါ ၊ ဆူးဝင်းရွာက စီးပွားရေးလုပ်ငန်းရှင် ဦးမျိုးထွန်းရဲ့နေအိမ်မှာ ဖြစ်ခဲ့တာပါ ၊ ဒီမနက် အခင်းဖြစ်အရပ်ကို သက်ဆိုင်ရာက လာပြီးစစ်ဆေးတဲ့အခါ စစ်ဆေးတွေ့ရှိချက်က အိမ်ရှင် ဦးမျိုးထွန်းဟာ မိသားစု ၄ ယောက်နဲ့အတူ ညက အိမ်မှာနေစဥ် နေအိမ်ခြံစည်းရိုး အုတ်တံတိုင်းပေါ်က သွပ်ဆူးကြိုးတွေကို ဖြတ်တောက်ဖျက်စီး ကျော်နင်း ဝင်ရောက်လာပြီး အိမ်တံခါးကို ကန်ကြောက် ဖွင့်ခိုင်းတယ် ၊ အိမ်ရှင် ဦးမျိုးထွန်းက အိမ်းတံခါးမကြီးကို ဖွင့်ပြီး ” မင်းတို့က
ဘယ်သူတွေလဲ — ၊ ဘယ်ကလဲ မေးလိုက်တဲ့အခါ အဲ့ဒီ လူ ၂ ယောက်ထဲက ၁ ယောက်က အိမ်ရှင် ဦးမျိုးထွန်းကို သေနတ်နဲ့ ပစ်တယ် ၊ဦးမျိုးထွန်းက တိမ်းရှောင်လိုက်တဲ့အခါ ကျည်ဆံဟာ ယာဘက်မေးရိုးအစပ်နေရာကို ရှပ်ထိသွားတယ် ၊ အိမ်ရှင် မိသားစုဖြစ်တဲ့ ဇနီး ၊ သား ၁ ယောက်နဲ့ သမီး ၁ ယောက်က ကုတင်အောက်မှာ ဝင်ပုန်းနေကြတယ် ၊ လက်နက်ကိုင် ၂ ယောက်က မီးခံသေတ္တာ သော့ဖွင့်ခိုင်းပြီး သေတ္တာထဲမှာ သိမ်းဆည်းထားတဲ့ ငွေကျပ် သိန်း ၇ ရာကို ယူသွားတယ် ” လို့ ဆူးဝင်းကျေးရွာအုပ်စု ရပ်မိ ရပ်ဖ တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် သူဆက်ပြောတာက ” ဦးမျိုးထွန်းကိုသေနတ်နဲ့ ပစ်ပြီး ငွေတွေယူသွားတဲ့သူတွေဟာ တောစီးဖိနပ် အစိမ်းရောင် ပြောက်ကျား စီးတားတယ် ၊ အစိမ်းရောင် ပြောက်ကျား ဦးထုပ်အဝိုင်း မျက်နှာအကာနဲ့ နားအကာ ပါတဲ့ဟာကို စောင်းထားတယ် ၊ အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီရှည်တွေ ဝတ်ထားတယ် ” လို့ ဖြစ်ပါတယ် ။
 
ဒီမနက်အစောပိုင်းက အဲ့ဒီ အနုကြမ်းစီးခံရတဲ့ နေရာဝန်းကျင်က LC- 87 ကျည်ခွံ တစ်ခုနဲ့ ကျည် တစ်တောင့်ကို ရဲဌာနက သိမ်းဆည်းရထားတယ်လို့ သိရပါတယ်။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး သီးခြား သတင်းအတည်ပြုချက်ရရှိဖို့ ကာယကံရှင် ဦးမျိုးထွန်းရဲ့ မိသားစုဆီ မေးမြန်းဖို့ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
အခုလို အိမ်ရှင်ကို သေနတ်နဲ့ပစ်ပြီး အိမ်သေတ္တာထဲက ပိုက်ဆံတွေယူခံရတဲ့ နေရာဟာ ဗဟင်းနယ်မြေရဲစခန်းရဲ့တောင်ဘက် ၃ မိုင် အကွာလောက် နေရာက ဆူးဝင်းရွာထဲမှာ ဖြစ်ခဲ့တာပါ ။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ညဦးပိုင်းအချိန်မှာ ဗဟင်းနယ်မြေရဲစခန်းရှေ့က လမ်းပေါ်မှာ ဆိုင်ကယ် ၁ စီး နဲ့ လူ ၂ ယောက်ဖြတ်မောင်းသွားတာကို ရပ်တန့်ခိုင်းရာကနေ ပစ်ခတ်မှုဖြစ်ပြီး ဆိုင်ကယ်ပေါ်ကနေ ကျည်ဆံထိမှန် သေဆုံး ပြုတ်ကျကျန်ခဲ့တဲ့ လူ ၁ ယောက်ဆီက မောင်းပြန်သေနတ် ၁ လက် ၊ ကျည်အိမ် ၂ ခု ၊ ကျည်ဆံ ၅၀ ဝန်းကျင်ကို သက်ဆိုင်ရာက သိမ်းဆည်းရတဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #မြိုင်

Related posts

Leave a Comment

VOM News

FREE
VIEW