ကြူကုတ်(ပန်ဆိုင်း)မြို့ထဲ တိုက်ပွဲဖြစ်ပွားပြီး ဘုရားကျောင်းထဲ လက်နက်ကြီး ကျည်ကျ‌

ဩဂုတ် ၂၀၊ ၂၀၂၁
Shy V (VOM)
 
ကြူကုတ် (ပန်ဆိုင်း)မြို့ထဲမှာ ဒီကနေ့နေ့လယ်ပိုင်းက ၁၅မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီး ဘုရားကျောင်းထဲ လက်နက်ကြီး ကျည်ကျ‌ရောက်ထိမှန်ခဲ့တယ်လို့ ဒေသ ခံတွေက ပြောပါတယ်။
 
” ကြူကုတ် (ပန်ဆိုင်း)မြို့ သင်္ချိုင်းကုန်းဘက်နဲ့ ရဲစခန်းတို့မှာဖြစ်တာ၊ ဘုရားကျောင်းက ရဲစခန်းနဲ့ နီးတာကြောင့် လက်နက်ကြီး ကျည်ကျတယ်၊ ဘုရားကျောင်းထဲက သစ်ပင်၊ ရေစင်၊ ရုံးခန်း ပြတင်းပေါက်နဲ့ ဘုရားကျောင်းဆောင် နံရံတွေ ထိမှန် ပျက်စီးခဲ့တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
ဒါ့အပြင် မြို့ခံတစ်ဦးကလည်း ” လက်ရှိ အခြေအနေတင်းမာနေတာကြောင့် မြို့ထဲက ပြည်သူတွေ စိုးရိမ်နေကြတယ်၊ ရှောင်ရမယ်ပြောနေတယ်။ ရှောင်ရမလား။ မရှောင်ပဲ နေမလား။ မသိဘူး။ ဇဝေဇဝါ ဖြစ်နေတယ်။ လေယလောဆယ်တော့ အရေးကြီးတဲ့ပစ္စည်းတွေ သိမ်းနေတယ်” လို့ ပြောပါတယ်။
 
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နဲ့ စစ်တပ်တို့ ကြူကုတ် (ပန်ဆိုင်း)မြို့ရဲ့ တောင်ဘက်ပိုင်း တောင်ကြောတစ်လျှောက် ဩဂုတ်လ ၁၈ နေ့ကတည်းက နေ့ရော၊ညပါ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေကြတာဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတယ်လိံ သိရပါတယ်။
 
ဇွန်လကတည်းက မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နဲ့ စစ်တပ်တို့အကြား မုံးကိုးမြို့ ဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားနေပြီး ဩဂုတ်လ ၄ ရက်နေ့ကစ ကြူကုတ် (ပန်ဆိုင်း) အနီးတဝိုက် တိုက်ပွဲ ပြင်းထန်လာကာ ရွာ ၈ ရွာ က ဒေသခံ ၁၄၀၀ ကျော်၊ တရုတ်-မြန်မာနယ်ခြား စည်းမျဉ်းနဲ့ကပ်လျက် နယ်စပ်တလျှောက်မှာ တိုက်ပွဲတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
 
လက်ရှိ တိုက်ပွဲကြောင့် ယာယီရှောင်တိမ်း‌နေရတဲ့ ပြည်သူ ‌၅၀၀ ကျော်ဟာ ဝမ်တိန်ဘက်မှာ ရေကြီးလာတာကြောင့် ရေဘေးနဲ့ပါ ထပ်မံကြုံတွေ့ နေကြရပြီး မိသားစု ၇ စုခန့် ခိုလှုံဖို့နေရာ ခက်ခဲနေကြရတယ်လို့ သိရပါတယ်။
 
Photo – မြို့ခံတစ်ဦး
#voiceofmyanmar #VOM #ကြူကုတ်(ပန်ဆိုင်း)

Related posts

Leave a Comment

VOM News

FREE
VIEW