သတင်းပေးရင် ဆုငွေတွေ ထုတ်ပေးမယ်လို့ အမိန့်တွေထွက်လာပြီးနောက် စစ်ကိုင်းမှာ လူငယ် ၃ ဦး အဖမ်းခံရ

စက်တင်ဘာ ၊ ၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)

သတင်းပေးတယ်ဆိုရင် အနိမ့်ဆုံး ဆုကြေးငွေ ၅ သိန်းထုတ်ပေးမယ်လို့ အမိန့်ကြော်ငြာတွေထွက်ပေါ်လာပြီးနောက် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်က လူငယ် ၂ ဦးနဲ့ စစ်ကိုင်းမြို့နယ်ထဲက လူငယ် ၁ ဦး စုစုပေါင်းလူငယ် ၃ ဦးဟာ စက်တင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်ကိုင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။

ဖမ်းဆီးခံရတဲ့သူတွေနဲ့ နီးစပ်သူ တစ်ယောက်က ” ကလေးတွေ ဖမ်းခံရတာ အတည်ပြုလို့ရတယ် ၊ သတင်းပေးတဲ့သူရှိလို့ အဖမ်းခံရတာလို့ မြင်မိတယ် ၊ အဖမ်းခံရတဲ့သူတွေက ကြွယ်လူးရွာက ကျော်ဇင်ဟိန်းခေါ် ဇော်ဇော် နဲ့ ဆွမ်းချက်ရပ်ကွက်က သန့်ဇင်အောင် နဲ့ အောင်ဇင်ဖြိုး တို့ ၃ ယောက်ဖြစ်တယ် ၊ သေနတ်နဲ့ ကျည်ဆံတွေအပြင် သူတို့ သင်တန်းတက်တုန်းက အသုံးပြုဝတ်ဆင်ရတဲ့ ယူနီဖောင်းဝတ်စုံတွေပါ သိမ်းဆည်းခံရတာ ” လို့ ပြောပါတယ်။

အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့ခံ နိုင်ငံရေးနှံစပ်သူ တစ်ယောက်က ” ကလေး ၃ ယောက်အဖမ်းခံရတယ် ၊ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ဆွမ်းချက်ရပ်ကွက်က ၂ ယောက် နဲ့ ကြွယ်လူးကျေးရွာက ၁ ယောက် အားလုံး ၃ ယောက်အဖမ်းခံရတယ် ၊ ရွာသစ်ကြီးရွာက ဆရာဝန် ၁ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကြားရတယ် ” လို့ ပြောပါတယ်။

စစ်ကိုင်းမြို့ပေါ်မှာ အဲ့ဒီလူငယ် ၃ ယောက်အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေထွက်နေတဲ့အတွက် သတင်းအခြေအနေမှန် သိရဖို့ စစ်ကိုင်းခရိုင် ကောင်စီရုံးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ တာဝန်ရှိသူ တစ်ယောက် ဖြေကြားပြောတာက ” ကြွယ်လူးရွာက ကျော်ဇင်ဟိန်း ခေါ် ဇော်ဇော်ရဲ့အိမ်က ပွိုင့် 22 ကျည်ဆံ ၂၅ တောင့် နဲ့ ဖမ်းမိတယ် ၊ ဆွမ်းချက် ရပ်ကွက်က အောင်ဇင်ဖြိုးနဲ့ သန့်ဇင်အောင်တို့ တိုက်ခန်းထဲက သေနတ် အတို ၁ လက် ၊ အရှည် ၁ လက်နဲ့ သင်တန်းတက်ရောက်တဲ့အခါ ဝတ်ဆင်တဲ့ ပြောက်ကျားယူနီဖောင် ၃ စုံ သိမ်းဆည်းရမိတယ်”လို့ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့ခံ ကျန်းမာရေး ဝန်ထမ်းတစ်ယောက်က ” ရွာသစ်ကြီးကျေးရွာက သွားဆရာဝန် တစ်ဦးရဲ့ အိမ်ကိုလည်း သတင်းအရဆိုပြီး ရဲနဲ့ စစ်သားတွေပါတဲ့ အဖွဲ့ ဝင်ရှာတယ် ၊ စုံစမ်းကြည့်လို့ သိရသလောက်ကတော့ အဲ့ဒီ ဆရာဝန်ရဲ့ နေအိမ်ပေါ်ထပ်က
ပွိုင့် 22 သေနတ်အရှည် ၃ လက် ၊ ကျည်ဆံ ၂၅ တောင့် ၊ ဖောက်ခွဲရေးသုံး ဒီတိုနီတာ ၈ ခု အပြင် စိုက်ခင်းခြံထဲမှာ မြေမြုပ်သိမ်းထားတဲ့ တူမီးသေနတ် ၇ လက်ကိုပါ သိမ်းဆည်းသွားပြီး အဲ့ဒီ ဆရာဝန်ကတော့ ထွက်ပြေးသွားလို့ အဖမ်းမခံလိုက်ရဘူး” လို့ ပြောပါတယ် ။

သတင်းပေးရင် ဆုကြေးငွေပေးမယ်လို့ သတင်းထုတ်ပြန်ကြေညာပြီးနောက် စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ထဲက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၇ နောက်ပိုင်းကစလို့ ဒီကနေ့အထိ ၇ ရက်အတွင်းမှာ သတင်းအရဆိုကာ ဖမ်းဆီးခံရသူ လူ ၂ ဒါဇင်ကျော်ရှိနေပြီဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW