KBZ Pay နဲ့ Wave Pay ငွေလွှဲကိစ္စကြောင့် ဒီပဲယင်းနယ်မှာ လူ ၃ ဦး အဖမ်းခံထားရ

စက်တင်ဘာ ၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ KBZ Pay နဲ့ Wave Pay ကနေ ငွေလွှဲ၊ငွေထုတ် လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူ ၃ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
အဲ့ဒီ အဖမ်းခံထားရတဲ့ လူ ၃ ယောက်နဲ့ ပတ်သက်ပြီး ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ခံ တစ်ယောက်က ” စိုင်ပြင်က လူ ၂ ဦးနဲ့ ဒီပဲယင်း သပြေစျေးသစ်က လူ ၁ ဦး အားလုံး ၃ ဦးကို K ပေးနဲ့ Wave ပေး ငွေလွှဲ ငွေထုတ် လုပ်တဲ့ကိစ္စတွေကြောင့် အဖမ်းခံထားရတာ အတည်ပြုလို့ရတယ် ၊ နာမည်တွေက စိုင်ပြင်လူ ၂ ယောက်က ငြိမ်းချမ်းနဲ့ နေစိုးဖြစ်တယ် ၊ ဒီပဲယင်း သပြေစျေးသစ်က ထွန်းရာဇာ အားလုံး ၃ ဦး ဖမ်းခံထားရတာ ” လို့ ပြောပါတယ်။
 
အဲ့ဒီလို K ပေး ၊ Wave ပေး တွေနဲ့ ငွေလွှဲ၊ငွေထုတ် လုပ်ရင် ရဲနဲ့စစ်သားတွေက လိုက်ဖမ်းနေတယ်ဆိုပြီး သတင်းတွေထွက်နေတာကြောင့် ကုန်စုံအရောင်းဆိုင် စျေးသည်တွေက ကုန်ပစ္စည်းဖိုး ငွေလွှဲပေးချေးဖို့အတွက် အဖမ်းခံရမှာကိုလည်း ကြောက်နေရတယ်လို့ သိရပါတယ်။
 
အဲ့ဒါကြောင့် သတင်းအခြေအနေမှန် သိလိုတဲ့အတွက် စစ်ကိုင်းတိုင်း တစကရုံးကို ဆက်သွယ်မေးမြန်ကြည့်တဲ့အခါ တာဝန်ရှိသူတစ်ယောက် ဖြေကြားတာက
” K pay ၊ Wave payတွေနဲ့ ငွေလွှဲ၊ငွေထုတ်ကိစ္စနဲ့ ပတ်သက်ပြီး အမှုဖွင့် ဖမ်းဆီးထားတာရှိတယ် ၊ မြေအောက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ငွေလွှဲ၊ငွေထုတ် လုပ်တဲ့အတွက်ကြောင့်မို့ အရေးယူဖို့ ဖမ်းတာပါ ၊ သာမန် ရိုးသားစွာ ငွေလွှဲ၊ငွေထုတ် လုပ်ရတဲ့ မိဘပြည်သူတွေအဖို့ စိုးရိမ်ထိတ်လန့်စရာ မလိုပါဘူး ၊ ငွေလွှဲ ငွေထုတ် လုပ်တဲ့သူတိုင်းကို ဖမ်းနေတာ မဟုတ်ပါဘူး ” လို့ ပြောပါတယ်။
 
ဒါ့အပြင် ဒီပဲယင်းမြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ” မတရား အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ငွေလွှဲ၊ငွေထုတ် လုပ်နေတယ်ဆိုတာ စစ်ဆေးပေါ်ပေါက်လို့ အရေးယူတာဖြစ်တယ် ၊ ကျန်တဲ့ ငွေလွှဲ ၊ငွေထုတ်ကိစ္စတွေ ဘာမှစိုးရိမ်စရာအကြောင်းမရှိဘူး ” လို့ ပြောပါတယ်။
 
K pay၊ Wave payနဲ့ ငွေလွှဲငွေထုတ် ကိစ္စနဲ့ ပတ်သက်လို့ အဖမ်းခံထားရတဲ့ လူ ၃ ယောက်ကို အခုလ ၁ ရက်နေ့ ညနေပိုင်းက ဒီပဲယင်းမြို့မရဲစခန်း (ပ) ၃၀ / ၂၀၂၁ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ဒီပဲယင်း

Related posts

Leave a Comment

VOM News

FREE
VIEW