မုံးကိုးမှာ စစ်ရှောင်ဦးရေပိုများလာပြီး အစားအသောက်နဲ့ ဆေးဝါး အဓိကလိုအပ်နေ

စက်တင်ဘာ ၄-၂၀၂၁
Shy V(VOM)
 
မြန်မာ – တရုတ် နယ်စပ်မြို့ဖြစ်တဲ့ မုံးကိုးမြို့မှာ စစ်ရှောင်ပြည်သူ ၇၀၀ ကျော်ထိ ရှိလာပြီး အစားအသောက်နဲ့ ဆေးဝါး အဓိကလိုအပ်နေတယ်လို့ လက်ရှိ စီမံခန့်ခွဲနေသူတွေ နဲ့ ကူညီနေသူတွေဆီက သိရပါတယ်။
 
“အစားအသောက်တွေ လိုနေတယ်။ ကလေးလည်း အရမ်းများတယ်။ ကလေးတွေအတွက် ဆေးတွေ အရမ်းလိုနေတယ်။ မနေ့ကတော့ ထပ်တိုးမရှိဘူး။ အခင်းတွေ၊ စောင်တွေ လှူထားတာလည်း ကုန်ပြီ။ အရင်ရောက်တဲ့သူတွေကို ‌ဝေပေးလိုက်တာ နောက်ရောက်လာသူတွေအတွက် မရှိတော့ဘူး။ မလောက်တော့ဘူး။ လိုနေတယ်။” လို့ လက်ရှိ စီမံခန့်ခွဲနေသူတစ်ဦးက ပြောပါတယ်။
 
ကောင်းလုံ၊ နမ့်ဟာ၊ ဝေါ်ချုံး၊ မန်ခွမ်၊ နောင်လျန်၊ မန်မော်၊ ဖျင်ဇီးကြိုင် စတဲ့ရွာ‌ပေါင်း ရွာ ၉ ရွာက စစ်ဘေးရှောင် အိမ်ခြေ ၁၅၀ ကျော်၊ အမျိုးသား ၃၄၀၊ အမျိုးသမီး ၃၆၀ ကျော်၊ စုစုပေါင်း ၇၀၀ ကျော် ရှိတယ်လို့ သူကပြောပါတယ်။
 
“လောလောဆယ်တော့ အစားအသောက်တွေ အဓိက လိုနေတယ်။ ဆေးဝါးလည်းလိုတယ်။ နေ့တိုင်း ရှောင်လာတဲ့သူ ထပ်တိုးလာ‌နေတာတယ်” လို့ လက်ရှိ စီမံခန့်ခွဲနေသူတစ်ဦးက ပြောပါတယ်။
 
မုံးကိုးမြို့၊ ရပ်ကွက် ၄ ဘုရားကျောင်း၊ လီဆူ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း နဲ့ ဆွေမျိုးအသိအိမ်တွေမှာ လာရောက်ခိုလှုံနေကြတယ်လို့ သူကပြောပါတယ်။
 
မုံးကိုးမြို့နယ်အတွင်း ဩဂုတ် ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့က နစက တပ်နဲ့ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်)တို့အကြား ဩဂုတ်လ ၂၉ ရက်‌နေ့ကစပြီး တိုက်ပွဲပြင်ထန်ခဲ့တာကြောင့် ရွာနဲ့ အနီးနားဝန်းကျင်ကပြည်သူတွေ စစ်ရှောင်လာကြတာ ဖြစ်ပါတယ်။
 
လက်ရှိမှာတော့ အိမ်ခြေ ၅၀ ကျော်ရှိတဲ့ မုံးကိုးအနီးရှိ နော့ဂူရွာကလည်း ယာယီရှောင်တိမ်းဖို့ ပြင်ဆင်နေကြတယ်လို့ နော့ဂူရွာခံတစ်ဦးက ပြောပါတယ်။
 
မုံးကိုး လုန်လင်ရွာ၊ ဖျင်ကျိရွာ နဲ့ ရှမှန်ခုံရွာမှာရှိတဲ့ အရပ် သားပြည်သူတွေလည်း မုံးကိုးမြို့အတွင်းကို လာရောက်စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ ကိုးကန့် သတင်းမှာ ဖော်ပြထားပါတယ်။
 
“သြဂုတ်လ ၂၈ ရက်‌နေ့ကနေ ဩဂုတ်လ ၃၁ ရက်ရက်နေ့အထိ စစ်တပ်ဘက်က အနည်းဆုံး အသေအပျောက် ၈၀ ကျော်ရှိတယ်။ အရပ်သား ပြည်သူ ၁၀ နှစ်အရွယ်ကောင်လေးပါဝင် ၄ ယောက်သေဆုံးတယ်။ MNDAA ဘက်က သေတာ ၂ ယောက်” လို့ ကိုးကန့်သတင်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
နစကတပ်နဲ့ MNDAA တို့အကြား တိုက်ပွဲကြောင့် မုံးကိုး နမ့်ဟာရွာက ၄ ဦး၊ ကြူကုတ် (ပန်ဆိုင်း) ရပ်ကွက်(၄)က ၂ ဦး စုစုပေါင်း အရပ်သား ပြည်သူ ၆ ဦး လက်နက်ကြီး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။
 
မနေ့ စက်တင်ဘာ ၃ရက်ကတော့ ကြူကုတ် (ပန်ဆိုင်း) မြို့အထွက်က နမ့်ဟူးဘက်မှာ နစက တပ်သားတစ်ဦးရဲ့ အလောင်းကို ဒေသခံတွေက ထပ်မံတွေရှိခဲ့ပါသေးတယ်။
 
“ဟုတ်တယ်။ မနေ့က စစ်သား အလောင်း တစ်လောင်း တွေ့တယ်။ ၃၀ ရက်နေ့က အကျန် ထင်တယ်။ အဲ့ဒီနေ့က ၂၀ လောက်သေတယ်” လို့ ပန်ဆိုင်းဒေသခံ တစ်ဦးက ပြောပါတယ်။
 
မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ နဲ့ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲတွေမှာ ဇူလိုင်လဆန်းပိုင်းကစ လက်ရှိထိ နစကတပ်နဲ့ MNDAA တို့အကြား၊ နစကတပ်နဲ့ KIA တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားကာ ရက်ကြာလာတာကြောင့် စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ဟာ အစားအသောက်နဲ့ ဆေးဝါး အရေးပေါ်လိုအပ်နေကြတယ်လို့လည်း သိရပါတယ်။
 
Photo-ZD
#voiceofmyanmar #VOM #မုံးကိုး

Related posts

Leave a Comment

VOM News

FREE
VIEW