မကွေးတိုင်းမှာ တွေ့နေရတဲ့ ကျားခြေရာ အဖြေ ၂ မျိုးထွက်

စက်တင်ဘာ ၊ ၄ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်ဘက်တွေမှာ လတ်တလောတွေ့နေရတယ်ဆိုတဲ့ ကျားခြေရာတွေနဲ့ ပတ်သက်ပြီး အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြန့်နှံ့လာတဲ့အတွက် ဒေသခံ တောင်သူတွေ အထိတ်တလန့် မဖြစ်စေဖို့ သားငှက်ထိန်းသိမ်းရေးနှင့် သုတေသန အဖွဲ့ရဲ့ လေ့လာစမ်းစစ်ချက်တွေ ပြုလုပ်ခဲ့တယ်လို့ မကွေးတိုင်း တကစ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီ လေ့လာစမ်းစစ်ချက်မှာ အဖြေ ၂ မျိုးရရှိတယ်လို့ သိရပါတယ်။
 
” ပွင့်ဖြူနယ်မှာတွေ့ရတဲ့ ခြေရာကို စမ်းစစ်ချက်အရ ကျားဆိုတာ အတည်ပြုလို့ရတယ် ၊ စေတုတ္တရာနယ်ဘက်က ခြေရာကတော့ ကျားမျိုးနွယ်ဝင် ခြေရာ မဟုတ်ဘူးဆိုတာ ပြောလို့ရတယ် ၊ အခြားတိစ္ဆာန် ခြေရာပါ ” လို့ သားငှက်ထိန်းသိမ်းရေး သုတေသန ပညာရှင် တစ်ဦးက သူ့ရဲ့ လေ့လာစမ်းချက် အဖြေကို ပြောပါတယ်။
 
အဲ့ဒီ သားငှက်ထိန်းသိမ်းရေးနဲ့ သုတေသန ပညာရှင် ဆက်ပြီးပြောတာက
 
” ကျားဆိုတာ ကြောင်ရိုင်းမျိုးရင်း အုပ်စုမှာ ပါဝင်တယ် ၊မြန်မာနိုင်ငံမှာ ကြောင်ရိုင်းမျိုးရင်းအုပ်စု ၈ မျိုးရှိတယ် ၊ အဲ့ဒါတွေက ကျား ၊ ကျားသစ် ၊ အင်းကျား ၊ ကြောင်မင်း( ကျားမင်း) ၊ ကြောင်တံငါ ၊ ကြောင်သလင်း ၊ သစ်ကြောင်နဲ့ တောကြောင်ဆိုပြီးဖြစ်တယ် ၊ ကြောင်ရိုင်းတွေမှာက ကြောင်တံငါကလွဲပြီး အခြား ကြောင်ရိုင်းတွေက ခြေရာထင်ကျန် တတ်တဲ့အလေ့မရှိဘူး ၊ သူ့ ခြေရာက ထူးတယ် ခြေသည်း ၄ ချောင်အရာပဲ ထင်ကျန်တယ် ၊အရွယ်ရောက်တဲ့ ကျားခြေရာက ဖနောင့်အကျယ် နေရာက အနည်းဆုံး ၈ စင်တီမီတာ အကျယ်အဝန်းရှိတယ် ၊ခြေရာကိုကြည့်ပြီး လိင်ပါခွဲခြားလို့ရနိုင်တယ် ၊ ကျားအထီးရဲ့ ခြေရာက လုံးဝိုင်းတုတ်ခိုင်ပြီး ၊ ကျားအမရဲ့ခြေရာက သွယ်လျတယ် ၊ မိခင်နဲ့ သားမခွဲသေးတဲ့ ကျားပေါက်လေးတွေရဲ့ ခြေရာကတော့ အများဆုံးလွဲမှား တတ်တာက ကျားသစ်ခြေရာနဲ့ဖြစ်တယ် ”
 
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကမ္ဘာ့အသိအမှတ်ပြု့ကျားတွေကျက်စားနိုင်တဲ့နေရာနဲ့ ကျားတွေရှိနိုင်တဲ့ နေရာက ၂ ခုရှိတယ် ၊ အဲ့ဒါက Tiger Conservation Landscape (TCL) 37 နဲ့ 19 ဆိုပြီးဖြစ်တယ်လို့ သိရပါတယ် ။
 
အဲ့ဒီ TCL ၂ မျိုးကတော့ TCL 37 နယ်နိမိတ်တွေက ကချင် ၊ စစ်ကိုင်း ၊ ချင်း ၊ ရခိုင် သစ်တောဆက်စပ်နေရာတွေဖြစ်ပြီး TCL 19 ကတော့ ကယား- ကရင်- မွန်- တနင်္သာရီ ဆက်စပ်တောနယ်မြေ တွေဖြစ်ပါတယ် ။
 
အဲ့ဒါကြောင့် ပွင့်ဖြူနယ်ဘက်မှာ တွေ့ရှိရတဲ့ ခြေရာဟာ TCL 37 က ကျားခြေရာဖြစ်တယ်လို့ သိရပြီး၊ စေတုတ္တရာနယ်ဘက်က တွေ့ရတဲ့ ခြေရာကိုတော့ တောခွေးအ တွေရဲ့ ခြေရာဖြစ်မယ်လို့ ယူဆထားကြောင်း သိရပါတယ် ။
 
ပြီးခဲ့တဲ့ သြဂုတ် နောက်ဆုံးအပတ်က ပွင့်ဖြူမြို့နယ် ကျောင်းကုန်းရွာက အသက် ၅၅ နှစ်အရွယ် နွားကျောင်းသား ဦးစန်းဝင်းဆိုသူဟာ ကျားကုတ်ခံရတဲ့အတွက် ပွင့်ဖြူဆေးရုံမှာ လက်ရှိ ဆေးကုသနေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ကျားခြေရာ #ပွင့်ဖြူ #စေတုတ္တရာ
 
Photoး သစ်တောရေးရာနဲ့ သဘာဝ ပတ်ဝန်းကျင်းထိန်းသိမ်းရေးဌာန ၊ ကျားသုတေသန ဌာန

Related posts

Leave a Comment

VOM News

FREE
VIEW