မင်္ဂလာဒုံ စစ်တပ်ပိုင်နို့ချက်စက်ရုံနဲ့ မြောက်ဒဂုံရဲစခန်းဗုံးပေါက် ရဲတစ်ဦးဒဏ်ရာရ

ရန်ကုန်၊စက်တင်ဘာ ၄ -၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ပိုင်နို့ချက်စက်ရုံနဲ့ မြောက်ဒဂုံမြို့မရဲစခန်းအနီးမှာ ဒီကနေ့မနက်ပိုင်းကဗုံးပေါက်ခဲ့ပြီး ရဲတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့
ဒေသခံတွေဆီက သိရပါတယ်။
 
မင်္ဂလာဒုံမြို့နယ်၊ ပျဥ်းမပင်ကျေးရွာအနီးက စစ်တပ်ပိုင်နို့ချက်စက်ရုံအနီးမှာ ဒီကနေ့မနက်က ဗုံးပေါက်မှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။
 
“ဗုံးပေါက်တာ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး၊ ဒါပေမယ့် ကျေးရွာမှာတော့ စစ်တပ်နဲ့ရဲတွေက စစ်ဆေးနေတယ်”လို့ သူကရှင်းပြပါတယ်။
 
မြောက်ဒဂုံမြို့နယ် ၄၆ရပ်ကွက်အနီးရှိ မြို့မရဲစခန်းမှာလည်း မနေ့ စက်တင်ဘာ ၃ရက် ည၁၂ နာရီက ဆိုင်ကယ်စီးနင်းလာသူ လူငယ်(၂)ဦးက ဗုံးနဲ့လာရောက်ပစ်ပေါက်ရာ ပေါက်ကွဲမှုဖြစ်ပြီး ရဲတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရဲစခန်းအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။
 
မနေ့ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်မှာရှိတဲ့ စစ်တပ်ပိုင် ငပိငံပြာရည်စက်ရုံမှာ ဗုံးပေါက်ခဲ့လို့ လူတစ်ဦးဒဏ်ရာရရှိပြီး တစ်ဦးဖမ်းဆီးခံခဲ့ရပါသေးတယ်။
 
ပြီးခဲ့တဲ့သြဂုတ်လ အတွင်းကလည်း ရန်ကုန်မှာရှိတဲ့ စစ်တပ်ပိုင်စက်ရုံဖြစ်တဲ့ လှိုင်မြို့နယ်က ဒန်အိုးစက်ရုံ၊ ချည်မျှင်နဲ့အထည်စက်ရုံ(သမိုင်း)၊ ချည်မျှင်နဲ့အထည်စက်ရုံ(လှိုင်သာယာ)တို့မှာ ဗုံးပေါက်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW