မုံရွာကြေးရုပ်အဝိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ လူ ၂ ဦး သေနတ်နဲ့ပစ်ခတ်ခံရ

စက်တင်ဘာ ၊ ၄ -၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ စစ်သားနဲ့ ရဲတွေစုဝေးရာ မြို့တော်ခန်းမအနီးက ဗိုလ်ချုပ်ကြေးရုပ် အဝိုင်းပတ်မှာ ဆိုင်ကယ်စီးလာတဲ့ လူ ၂ ဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ကြေးရုပ်နားက လူနေအိမ်တချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
 
ကြေးရုပ်အနီး နေထိုင်သူ တစ်ဦးက”မနေ့ညက ၇ နာရီလောက်မှာ ကြေးရုပ်အစောင့် ရဲတွေက ပစ်တာပါ ၊ ဆိုင်ကယ်နဲ့လူတွေ လဲနေတာတော့ လှမ်းမြင်ရတယ် ၊ နောက်ဆုံးအခြေအနေက သေလား၊ရှင်လား မသိရဘူး ” လို့ ပြောပါတယ်။
 
မုံရွာမြို့ပေါ်က လူမှုကူညီရေးအသင်း စေတနာ့ဝန်ထမ်းတစ်ယောက်က ” ကြေးရုပ်မှာ သေနတ်နဲ့အပစ်ခံရတဲ့ လူ ၂ ယောက်က ကနီမြို့နယ်၊ နတ်လာပို့မြောက်ရွာက ရေယာဥ်လုပ်သား ၂ ယောက်ဖြစ်တယ် ၊ နာမည်တွေက ကိုသန်းနိုင်စိုးနဲ့ လမင်းကိုတို့ဖြစ်တယ် ၊ သူတို့က လမင်းအောင်ရေယာဥ်က ရေယာဥ်လုပ်သားတွေ ” လို့ ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အခြေအနေမှန်သိဖို့အတွက် မုံရွာမြို့နယ်ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ “ဒဏ်ရာရတာ ၂ ယောက်ဖြစ်တယ် ၊ သန်းနိုင်စိုးက ဝဲဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ နဲ့ ယာဘက်နား ပွန်းပဲ့ဒဏ်ရာပါ ၊ လမင်းကိုက ယာဘက်လက်ခုံ ပြတ်ရှပေါက်ပြဲ ဒဏ်ရာဖြစ်တယ် ၊ ကန့်သတ်တားမြစ်ထားတဲ့ ဧရိယာထဲကို ဆိုင်ကယ်နဲ့အရှိန်ပြင်းပြင်း စီးလာတယ် ၊ ဆိုင်ကယ်ရပ်ဖို့ အော်ဟစ်ပြောတာကို လက်မခံလို့ ခြောက်လှန့်ပစ်ခတ်တာဖြစ်တယ် ” လို့ တာဝန်ကျ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုဖြစ်တဲ့ ဗိုလ်ချုပ်ကြေးရုပ် အဝိုင်းပတ်တည်ရှိတဲ့နေရာဟာ မုံရွာမြို့ရဲ့ ဗဟိုချက်နေရာဖြစ်ပြီး ဗိုလ်ချုပ်လမ်းနဲ့ ဘူတာလမ်းတို့ရဲ့ လမ်းလေးခွ ဆုံရပ် ဖြစ်ပါတယ်။
 
အဲ့ဒီနေရာကို လွန်ခဲ့တဲ့ ၆ လကစလို့ ဒီကနေ့အထိ ဘယ်ရီဂိတ်တွေနဲ့ ပိတ်ဆို့ပြီး ရဲနဲ့စစ်သားတွေ နေ့ရောညပါ အစောင့်ချတားမြစ်ထားတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW