တလအတွင်း တရုတ်ကနေ မြန်မာကိုပြန်လာသူ ၉၀၀၀ ကျော်ထိရှိ

စက်တင်ဘာ ၄-၂၀၂၁
Shy V(VOM)
 
ရက်ပေါင်း ၃၁ ရက် အတွင်း တရုတ်ပြည်ကနေ မြန်မာနိုင်ငံကိုပြန်လာတဲ့ ပြည်တော်ပြန် ၉၀၀၀ ကျော်ထိရှိပြီ ဖြစ်တယ်လို့ မြန်မာဘက်က လွှဲပြောင်းလက်ခံသူတွေနဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ပေးအပ်ရေး ကွန်ယက် တွေဆီက သိရပါတယ်။
 
ပြည်တော်ပြန်တွေဟာ တရုတ် – မြန်မာနယ်စပ် ယူနန်ပြည်နယ်၊ တယ်ဟုန်ခရိုင်၊ ရွှေလီနဲ့ ကျယ်ဂေါင် မြို့တွေမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဖြစ်တယ်လို့ သိရပါတယ်။
 
ပြန်လည်လက်ခံတဲ့နေရာမှာ ပါဝင်ကူညီသူတစ်ဦးက” တရုတ်နိုင်ငံက ထွက်ခွာမယ့်သူတွေက နယ်စပ်ဖြတ်သန်းခွင့်စာအုပ်အနီ၊ ၇ ရက်ကဒ်၊ နေထိုင်ခွင့် စာအုပ် အစိမ်း၊ ပေါက်ဖော်ကဒ် စသည်ဖြင့် အထောက်အထား (ရက်လွန်သည်ဖြစ်စေ) တစ်ခုခုနဲ့ ၄၈ နာရီအတွင်း COVID- 19 ရောဂါ စစ်ဆေးထားပြီး လက်မှတ်ရှိရမယ်လို့ သတ်မှတ်ထားပေမယ့် လက်ရှိမှာတော့ မြန်မာနိုင်ငံသားမှန်ရင် မြန်မာဘက်က လက်ခံတယ်”လို့ ပြောပါတယ်။
 
ဇူလိုင်လ ၂၆ ရက်နေ့ ကနေ စက်တင်ဘာ ၃ ရက်နေ့ အထိ တရုတ်ဘက်က မြန်မာပြည်တော်ပြန် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၄၈၈၁ ဦး၊ အမျိုးသမီး ၄၂၅၄ ဦး ရှိပြီး စုစုပေါင်း ၉၁၃၅ ဦးထိ ရှိပြီဖြစ်ကြောင်း လက်ခံကူညီပေးနေတဲ့သူတွေရဲ့ စာရင်းအချက် အလက်တွေအရ သိရပါတယ်။
 
နှစ်နိုင်ငံ ဝင်/ထွက် ဂိတ် နန်းတော်ပေါက်ကို မြန်မာစံတော်ချိန် မနက် ၈ နာရီကစ ဂိတ်ဖွင့်ပြီး မူဆယ်ကိုဗစ်ကော်မတီကြိုဆိုလက်ခံရေးမှာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူနဲ့ ပရဟိတ ကူညီရေးအဖွဲ့က ပြည်တော်ပြန်တွေအတွက် အသင့်စောင့်ပြီးကူညီပေးနေတာလည်း ဖြစ်ပါတယ်။
 
COVID-19 ရောဂါ ကာလအတွင်း တရုတ် – မြန်မာနယ်စပ် အဝင်၊အထွက်ဂိတ်တွေကို အကန့်အသတ်မရှိ ပိတ်ထားခဲ့ပေမယ့် နှစ်နိုင်ငံ နယ်စပ်အစိုးရတို့ ညှိနှိုင်းကာ ဇူလိုင်လ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၈ နာရီကစ မူဆယ် နန်းတော်တရားဝင်ဂိတ်ပေါက်ကို ဖွင့်ပေးပြီး ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
 
တရုတ်အစိုးရအနေနဲ့ ကပ်ရောဂါကြောင့် လုပ်ငန်းလည်ပတ်နိုင်ဖို့ ကြန့်ကြာနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာတာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ အခက်ကြုံရမှာဖြစ်တဲ့အတွက် ပုံမှန်အလုပ်အကိုင်နဲ့ ဝင်ငွေမရှိသူတွေကို ပြည်နှင်ဒဏ်ပေးသွားမှာ ဖြစ်တယ်လို့ ဇူလိုင်လ ၂၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
 
Photo – လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကွန်ယက်
#voiceofmyanmar #VOM #မြန်မာလုပ်သား

Related posts

Leave a Comment

VOM News

FREE
VIEW