ရွှေပန်းကုံးနယ်မြေရဲစခန်းကို လူတွေလာဝိုင်းလို့ ပစ်ခတ်မှုဖြစ်ပွားပြီး လူ၂ ဦး သေဆုံး၊ ရဲ ၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၉ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မုံရွာ-အရာတော်-ရွှေဘိုကားလမ်း ရွှေပန်းကုံးစံပြကျေးရွာမှာရှိတဲ့ ရွှေပန်းကုံးနယ်မြေရဲစခန်းကို ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က လူ ၂ ရာကျော်က လာဝိုင်းလို့ ၂ ဖက် ပစ်ခတ်မှုတွေဖြစ်ပွားတာကြောင့် လူသေဆုံးတာနဲ့ ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” မနက်က ရဲစခန်းကို လူ ၃ ရာလောက်က ဝိုင်းပြီးတိုက်ကျတယ် ၊ ရဲတွေကပြန်ပစ်တော့ လူအုပ်စုဘက်က ၂ ယောက်သေတယ် အလောင်းကို ပြန်မဆွဲနိုင်ခဲ့ဘူး ” လို့ ရွှေပန်းကုံး ရွာခံတစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲနဲ့ နီးစပ်သူတစ်ယောက်က” ဝက်လက်နယ်ဘက်ကနဲ့ အရာတော်နယ်ဘက်က လူတွေပေါင်းပြီး အင်အား ၂ ရာကျော် ၃ ရာနီးပါက ရွှေပန်းကုံး နယ်မြေရဲစခန်းကို လာဝိုင်းပြိး သူတို့ဘက်က စတင်ပစ်ခတ်တာတွေ လုပ်တယ် ၊ အဲ့ဒါကြောင့် စခန်းမှူး ရဲအုပ် မျိုးသက်လွင်နဲ့ အဖွဲ့က ပြန်ပစ်တဲ့အခါ ရုပ်အလောင်း ၂ လောင်းရတယ် ၊ ရဲတပ်ဖွဲ့ဝင် ၁ ဦး လေသေနတ်ကျည် ထိမှန်တာတော့ ရှိတယ် ” လို့ ပြောပါတယ်။
 
ရွှေပန်းကုံးနယ်မြေရဲစခန်းဟာ အရာတော်မြို့နယ်နဲ့ နီးကပ်နေတာကြောင့် အရာတော်အခြေစိုက် စစ်တပ်ကနေ စစ်ကူလာပြီး ပစ်ခတ်လို့မရအောင် ဒီမနက်မှာ အရာတော်-ဝက်လက်-ရွှေဘို ကားလမ်းဘေးက သစ်ပင်တွေ ခုတ်လှဲထားတာလည်းရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
ဒါ့အပြင် အဲ့ဒီပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ရဲစခန်းနားက နေအိမ်ထဲမှာရှိနေတဲ့ အမျိုးသမီး တစ်ယောက်လည်း ခြေထောက်မှာ ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တယ်လို့ ကြားသိရပေမယ့် VOM က အတည်ပြုနိုင်ခြင်းတော့ မရှိသေးတဲ့အပြင် ရဲစခန်းကိုလာကြောင့်လာဝိုင်းတယ်ဆိုတဲ့အကြောင်းအရင်းကိုလည်း မသိရသေးပါဘူး။
 
#voiceofmyanmar #VOM #ဝက်လက်

Related posts

Leave a Comment

VOM News

FREE
VIEW