ဇွန်လကစလို့ ရက်ပေါင်း ၁ ရာအတွင်း စစ်ကိုင်းတိုင်းထဲက ရပ်ကျေး အုပ်ချုပ်ရေးမှူး ၃ ရာဝန်းကျင် အလုပ်ထွက်စာတင်

စက်တင်ဘာ ၁၁ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်းမှာရှိတဲ့ ၃၇ မြို့နယ်ထဲက ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်နေတဲ့ အုပ်ချုပ်ရေးမှူး အများစုဟာ တာဝန်ကနေ အနားယူဖို့ နုတ်ထွက်စာတွေ တင်ပြလာကြတာ​တွေရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အသိုင်းအဝိုင်းဆီက သိရပါတယ်။
 
” ကလေးမြို့နယ် ၊ ဒီပဲယင်းမြို့နယ်နဲ့ မြောင်နယ်ဘက်တွေမှာဖြစ်ပြီး ကျန်မြို့နယ်တွေဘက်မှာလည်း တင်ပြတာတွေရှိတယ် ” လို့ တိုင်း ထွေအုပ်ရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
 
အဲ့ဒီလို ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အလုပ်ထွက်စာ တင်ပြကြတာနဲ့ ပတ်သက်ပြီး ကလေးမြို့ခံ တစ်ယောက် ပြောတာက
 
” ၈ ရက်နေ့ညက ပျဥ်းခုံကြီးရွာအုပ်ချုပ်ရေးမှူး နဲ့ မော်စီရွာ အုပ်ချုပ်ရေးမှူး ၂ ယောက် သတ်ခံရတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ အလုပ်ထွက်စာ တင်ပြကြတာ ” လို့ပြောပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်ဘက်က ရပ်ကျေး အုပ်ချုပ်ရေးမှူးတချို့လည်း ထွက်စာတွေ တင်ပြကြတယ်လို့ သိရပါတယ် ။
 
အဲ့ဒီ အကြောင်းကိုတော့ ဒီပဲယင်းနယ်ခံ တစ်ယောက်က ” ဒီလ ၆ ရက် မနက်က ညောင်လှရွာက ရဲအရာရှိတစ်ဦးရဲ့ အဖေနဲ့ မိထွေး ဖြစ်သူ ၂ ယောက် အိမ်ထဲမှာနေရင်း သတ်ခံရတယ် ၊ အဲ့ဒီရွာနဲ့ ဒီပဲယင်းမြို့ဟာ ၇ မိုင်ပဲဝေးတယ် ၊ ၂ လောင်းပြိုင် လူသတ်မှုဖြစ်လို့ မြို့နယ်ကို သတင်းပို့တဲ့အခါ မြို့နယ်လူကြီးတွေက လုံခြုံရေး စိတ်မချရလို့ ဆိုပြီး ချက်ချင်းရောက်မလာဘူး ၊ အဲ့ဒီလို အခြေအနေတွေဆိုတော့ အုပ်မှူးတွေလည်း မိသားစု အသက်အန္တရာယ် လုံခြုံရေး စိတ်မချရလို့ဆိုပြီး ထွက်ကြတဲ့သူတွေ ရှိတယ် ” လို့ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လကနေ အခုလ စက်တင်ဘာ ၁၀ ရက်အထိ စစ်ကိုင်းတိုင်းထဲက မြောင် ၊ ပုလဲ ၊ မုံရွာ ၊ ရွှေဘို ၊ ဝက်လက် ၊ ဒီပဲယင်း ၊ ဘုတလင် ၊ ယင်းမာပင် ၊ ကလေး ၊ မင်းကင်းနဲ့ ကောလင်း စတဲ့ မြို့နယ်တွေက ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာ အလုပ်ထွက်စာ တင်ပြကြတာ ဖြစ်ပါတယ်။
 
” စစ်ကိုင်းခရိုင်က ၃ မြို့နယ်ရှိပြီး ရပ်ကွက်
၂၆ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၁၇၇ အုပ်စု ၊ ကျေးရွာပေါင်း ၃၆၆ ရွာရှိတယ် ၊ အဲ့ဒီအထဲက အုပ်စု အုပ်မှူးနဲ့ ရွာခွဲ အုပ်မှူး ၈၀ ဝန်းကျင် တာဝန်နူတ်ထွက်ခွင့် တင်ပြစာ ပေးပို့တယ် ၊ အထူးသဖြင့် မြောင်နယ်ဘက်ကများတယ် ၊ အလားတူပဲ ကလေးခရိုင် ၃ မြို့နယ်က ရွာပေါင်း ၄၇၂ ရွာကလည်း အုပ်စု အုပ်မှူးနဲ့ ရွာခွဲ အုပ်မှူး တချို့ နူတ်ထွက်ခွင့် တင်ပြလာတာရှိတယ် ” လို့ တိုင်းထွေအုပ် အသိုင်းအဝိုင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
 
အဲ့ဒီလို ရပ်ကွက် ၊ ကျေးရွာအုပ်စု နဲ့ ရွာခွဲ အုပ်ချုပ်ရေးမှုတွေ တာဝန်ကနေ အနားယူဖို့ နူတ်ထွက်စာ တင်ပြတာဟာ ဇွန်လကစလို့ ရက်ပေါင်း ၁ ရာအတွင်း စစ်ကိုင်းတိုင်းထဲက ၃၇ မြို့နယ်မှာအရေအတွက် ၃ ရာဝန်းကျင်နီးပါးရှိတယ်လို့ စောင့်ကြည့်လေ့လာသူတွေရဲ့ မှတ်တမ်းအရ သိရပါတယ်။
 
#voiceofmyanmar #VOM #အုပ်ချုပ်ရေးမှူးတွေအလုပ်ထွက်စာတင်

Related posts

Leave a Comment

VOM News

FREE
VIEW