ဂျပန်လေပိုင်နက်အတွင်း ရုရှားစစ်လေယာဉ် နှစ်ကြိမ်တိုင် ၀င်ရောက်ပျံသန်း

တိုကျို၊ စက်တင်ဘာ-၁၄-၂၀၂၁
မျိုးဆက် (VOM)
 
ဂျပန်လေပိုင်နက်အတွင်းကို ရုရှားစစ်ဘက်လေယာဉ်တစ်စင်း ၀င်ရောက်ပျံသန်းတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရက ရုရှားနိုင်ငံကို အပြင်းအထန်ကန့်ကွက်လိုက်ပါတယ်။
 
ရုရှားစစ်လေယာဉ်ဟာ ဟော့ကိုင်းဒိုးရှိ ရှိရီတိုကိုကျွန်းဆွယ် ဂျပန်လေပိုင်နက်အတွင်းသို့ နှစ်ကြိမ်တိုင် ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
 
ဒီလို ၀င်ရောက်ပျံသန်းမှုကြောင့် ဂျပန်တိုက်လိုက်လေယာဉ်တွေကို စေလွှတ်ခဲ့ပြီး လေပိုင်နက်အတွင်းမှ ထွက်ခွာဖို့ ရေဒီယိုဆက်သွယ်ရေးနဲ့သတိပေးပြီးနောက် အဲဒီရုရှားလေယာဉ်ဟာ ထွက်ခွာသွားတယ်လို့ သိရပါတယ်။
 
လေပိုင်နက်အတွင်း ၀င်ရောက်ပျံသန်းခြင်းအပေါ် တိုကျိုရှိ ရုရှားထိပ်တန်းသံတမန်တွေကို ဂျပန်အစိုးရက ကန့်ကွက်စာပေးပို့ထားပြီး နောက်ထပ်မဖြစ်ပွားစေဖို့ ရုရှားကိုတိုက်တွန်းထားကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ကာတိုကတ်ဆူနိုဘူက စက်တင်ဘာ ၁၃ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
 
လေပိုင်နက်အတွင်းသို့ ရုရှားလေယာဉ်၀င်ရောက်ပျံသန်းတာနဲ့ပတ်သက်ပြီးဂျပန်အစိုးရက ဆန်းစစ်လေ့လာနေတယ်လို့ သူကပြောပါတယ်။
 
အဲဒီရုရှားလေယာဉ်ဟာ Antonov An-26 ပို့ဆောင်ရေးလေယာဉ်တစ်စင်းဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW