တန့်ဆည်နယ်မှာ ရွှေတူးဖော်ရေး လုပ်ငန်းရှင် မိသားစု ၅ ယောက် အသတ်ခံရ

စက်တင်ဘာ ၂၀ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် မဟာမြိုင်တောကြီးနယ်စပ်က ရွှေတူးဖော်ရေး လုပ်ကွက်ထဲမှာ လုပ်ငန်းရှင် မိသား ၁ စုကို မနေ့ စက်တင်ဘာ ၁၉ ရက် ညနေပိုင်း ၆ နာရီ ဝန်းကျင်လောက်က အသတ်ခံရတဲ့အတွက် လူ ၅ ဦး သေဆုံးသွားတယ်လို့ ရွှေလုပ်ငန်းရှင်များ အဖွဲ့ရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” သေဆုံးသူတွေက ကပေါင်းကျ ရွာက မိသားစုဖြစ်တယ် ၊ သူတို့ မိသားစုက ရွှေမျှောမောင်းဖို့ လုပ်ကွက်မှာ ရှိနေတဲ့အချိန် မိသားစု အသတ်ခံရတာ ” လို့ ရွှေလုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။
 
သေဆုံးသူ လူ ၅ ယောက်နဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင်အဖွဲ့က စာရင်းကောက်ယူထားတာက ဦးစန်းဝင်း အသက် ၄၈ နှစ် ၊ ဒေါ်မိချစ် အသက် ၅၂ နှစ် ၊ မောင်ဇော်မင်းထွန်း အသက် ၁၈ နှစ် ၊ မောင်ဇော်မင်းသူ အသက် ၁၆ နှစ်နဲ့ မောင်အောင်မျိုးသူ အသက် ၁၁ နှစ် ဖြစ်ကြပြီး သူတို့ မိသားစု ၅ ယောက်စလုံးဟာ ရွှေတူးဖော်ရေး မျှောတဲမှာရှိနေချိန် အသတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီ ရွှေလုပ်ငန်းရှင် မိသားစု ၅ ယောက်ဟာ ဘာကြောင့် ၊ ဘယ်သူတွေက သတ်သွားတယ်ဆိုတာ သီးခြားသတင်းအတည်ပြုနိုင်ခြင်းတော့ အခုထိ မရှိသေးဘူးလို့ သိရပါတယ် ။
 
ဒါ့အပြင် အခုလ စက်တင်ဘာ ၁၇ ရက် နေ့ခင်းပိုင်းက တန့်ဆည်မြို့ မဟာမြိုင်ရပ်ကွက်နေ ရွှေတူးဖော်ရေးလုပ်ငန်းရှင် လင်မယား ၂ ​ယောက်ဟာ တန့်ဆည်မြို့ကနေ အနောက်မြောက်ဘက် ၁၃ မိုင်လောက်ဝေးတဲ့ ရွှေလုပ်ကွက်ရှိတဲဲ့နေရာကို ကားနဲ့အသွား သစ်စေးကိုင်းရွာနဲ့ ငှက်ပျောတောရွာအကြား မူးဘောင်ပေါ်နေရာအရောက်မှာ အမည်မသိ လူအုပ်စုရဲ့ သေနတ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ်တာခံရတဲ့အတွက် အသက် ၄၆ နှစ် အရွယ် ဦးဝင်းဆန်းဦးဆိုသူဟာ သူ့ရဲ့ကားနောက်ခန်းထဲမှာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပြီး သူ့ရဲ့ ဇနီးဖြစ်သူ အသက် ၄၀နှစ် အရွယ်ကတော့ ကျည်ဆံထိမှန် ဒဏ်ရာ ၂ ချက်ရပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ဖြစ်စဥ် ၁ ခု ဖြစ်ပွားခဲ့ပါတယ် ။
 
အဲ့ဒီ အပြင် ပြီးခဲ့တဲ့ သြဂုတ်လထဲကလည်း အဲ့ဒီ ရွှေတူးဖော်ရေး လုပ်ကွက်တွေရှိတဲ့နေရာက ရွှေတူးဖော်ရေး လုပ်ငန်းရှင်၂ ဦးဟာ ကံထူးမစျေးတန်းကနေ စက်ပစ္စည်းတွေ ဝယ်ပြီးအပြန်လာမှာ အမည်မသိ လူတစုရဲ့ ဖမ်းဆီး သတ်ဖြတ်တာကို ခံခဲ့ရပါသေးတယ်။
 
အခုလို ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးသတ်ဖြတိနေတာဟာ တန့်ဆည်မြို့နယ် ၁ ခုထဲမှာဖြစ်နေတာမဟုတ်ပါဘူး ၊ စစ်ကိုင်းတိုင်းထဲက ရွှေသတ္ထုထွက်ရှိရာ ဟုမ္မလင်းမြို့နယ် ၊ ဗန်းမောက်မြို့နယ် ၊ ပင်လည်ဘူးမြို့နယ်နဲ့ ကောလင်းမြို့နယ်တွေဘက်မှာလည်း အလားတူဖြစ်စဥ်တွေ ရှိခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်များ အသင်းရဲ့ တာဝန်ရှိသူတွေရဲ့ အပြောအရ သိရတာဖြစ်ပါတယ်။
 
အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ဇွန်လကစလို့ အခုလ ၂၀ ရက်အထိ စစ်ကိုင်းတိုင်းထဲက ရွှေသတ္ထု ထွက်ရှိတဲ့မြို့နယ်တွေက ရွှေလုပ်ငန်းရှင် ၁ ဒါဇင် ထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံရတာ ရှိပြီလို့ သိရပါတယ်။
 
#voiceofmyanmar #vom #တန်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW