ကောလင်းနယ်မှာ သေနတ်နဲ့ ပစ်သတ်ခံရလို့ အုပ်ချုပ်ရေးမှူး သားအဖ ၂ ဦးနဲ့ ရွေးကောက်ပွဲ မဲရုံစောင့် ရဲ ၁ ဦး သေဆုံး

စက်တင်ဘာ ၊ ၂၃ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကုက္ကိုကုန်းကျေးရွာမှာ သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး သားအဖ ၂ ဦး နဲ့ ရွေကောက်ပွဲ မဲရုံစောင့် အထူးရဲ ၁ ဦး သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးရဲ့ မိန်းမဖြစ်သူလည်း ကျည်ဆံထိတဲ့အတွက် ဒဏ်ရာရခဲ့တယ်လို့ ကောလင်းနယ်ခံတွေက ပြောပြလို့ သိရပါတယ်။
 
” ဆိုင်ကယ် ၈ စီးနဲ့ သေနတ်ကိုင် လူ ၁၅ ယောက်ဟာ ရွာထဲကိုဝင်လာပြီး အုပ်ချုပ်ရေးမှူးအိမ်ကို အရင်ဝင်ပစ်တာ ၊ အုပ်ချုပ်ရေးမှူး သားအဖ ၂ ဦးက နေရာမှာတင် သေသွားတယ် ၊ သူ့မိန်းမက တင်ပါးဆုံနေရာထိမှန်ပြီး ထွက်ပြေးလာနိုင်တဲ့အတွက် ဒဏ်ရာပဲရခဲ့တာ.” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ် ။
 
ကျည်ဆံထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသူ ၂ ဦးကတော့ လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်မောင် အသက် ၅၀ နှစ် နဲ့ သူ့သားဖြစ်သူ ကိုရာဇာ အသက် ၃၅ နှစ်တို့ဖြစ်ပြီး အုပ်ချုပ်ရေးမှူးရဲ့ မိန်းမဖြစ်သူ ဒေါ်ခါဘီကတော့ တင်ပါးဆုံမှာ ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တာပဲဖြစ်ပါတယ်။
 
ဒါ့အပြင် အဲ့ဒီ သေနတ်သမားတွေဟာ အုပ်ချုပ်ရေးမှူးအိမ်ကိုဝင်ပစ်ပြီး အဲ့ဒီရွာမှာနေတဲ့ ရွေးကောက်ပွဲ မဲရုံစောင့်တဲ့ အထူးရဲဖြစ်သူ ဦးသန်းလင်းရဲ့အိမ်ကို ဝင်ပြီး ပစ်ခတ်တာကြောင့် အထူးရဲ ဦးသန်းလင်း အသက် အသက် ၅၂ နှစ်ဟာ နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
 
” သေနတ်သမားတွေက အုပ်ကြီးအိမ်ဝင်ပစ်တယ် ၊ အဲ့ဒါပြီးတော့ ရဲကြီး ( အထူးရဲ ဦးသန်းလင်း) အိမ်ဝင်ပစ်တယ် ၊ နောက်ထပ် ဖွံ့ကြီး (ပြည်ခိုင်ဖြိုး ပါတီဝင်) တွေဖြစ်တဲ့ ဦးဉာဏ်ထွန်းအိမ်နဲ့ တခြား သုံးလေးအိမ်ကိုဝင်တယ် ၊ အဲ့ဒီ အိမ်တွေက လူတွေမရှိဘူး ရှောင်နေကြတာဆိုတော့ ဆက်မပစ်တော့ပဲ သေနတ်သမားတွေက ရွာထဲကနေ ပြန်သွားကြတယ် ” လို့ အဲ့ဒီ ဒေသခံ တစ်ယောက်က ပြောပါတယ်။
 
အမည်မသိ သေနတ်သမားတွေ ပစ်သတ်သွားလို့ သေဆုံးသွားတဲ့ ကုက္ကိုကုန်းရွာ အုပ်ချုပ်ရေးမှူး သားအဖနဲ့ ရွေးကောက်ပွဲ မဲရုံစောင့် အထူးရဲ တို့ရဲ့ ရုပ်အလောင်းတွေဟာ အခုလ ၂၁ ရက် ညဦးပိုင်း ၈ နာရီဝန်းကျင်လောက်က ပစ်သတ်ခံရတာဖြစ်ပြီး ဒီမနက်အထိ သက်ဆိုင်ရာက ရောက်မလာသေးတာကြောင့် သေတဲ့နေရာမှာပဲ ဒီအတိုင်း အခုထိရှိနေသေးတယ်လို့ ဒေသခံတွေရဲ့ အပြောအရ သိရပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရရှိဖို့နဲ့ သိလိုတာတွေ မေးမြန်းနိုင်ဖို့ ကောလင်းမြို့နယ်ကောင်စီရုံးကို VOM က ဆက်သွယ်ခဲ့ပေမယ့် တာဝန်ခံ ဖြေကြားပေမယ့်သူ မရှိတာကြောင့် ဒီမနက်အထိ ဆက်သွယ်ရတာ အဆင်မပြေသေးပါဘူး။
 
#voiceofmyanmar #VOM #ကောလင်း

Related posts

Leave a Comment

VOM News

FREE
VIEW