ချင်းတွင်းမြစ်ကြောင်း ခရီးသွားမယ်ဆိုရင် မှတ်ပုံတင်နဲ့ ရပ်ကွက်ထောက်ခံစာ မဖြစ်မနေ လိုအပ်

စက်တင်ဘာ ၊ ၂၄ ၊ ၂၀၂၁
ရွှေဘုန်းမြန်စံ (VOM)
 
ပြေးဆွဲသွားလာခွင့်ကို အချိန် ၁ နှစ်ကျော်ကြာ ရပ်နားထားခဲ့ရတဲ့ ချင်းတွင်းမြစ်ကြောင်းက ခရီးသွားလုပ်ငန်း ရေယာဥ်ပြေးဆွဲရေး လုပ်ငန်းတွေဟာ အခုလ ၂၅ ရက် မနက်ဖန်ကစလို့ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးတော့မှာ ဖြစ်တယ်လို့ ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင် ရေယာဥ် အသင်းတွေဆီက သိရပါတယ်။
 
” ရေလမ်းကြောင်းနဲ့ ခရီးသွားလိုက်ပါမယ်ဆိုရင် ခရီးသည်တွေဘက်က မဖြစ်မနေ ယူဆောင်လာရမှာက နိုင်ငံသား မှတ်ပုံတင် နဲ့ နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ ပါရမှာဖြစ်တယ် ၊ ကိုဗစ်စည်းကမ်းချက်နဲ့အညီ ပြေးဆွဲရမှာမို့ ခရီးသည်တွေဘက် လက်ဆေးတာ ၊ mask တပ်တာ ၊ မျက်နှာကာတပ်တာတွေ လုပ်ပေးရမှာဖြစ်တယ် ” လို့ ခရီးသည်တင်ရေးယာဥ်များ စနစ်တကျ ပြေးဆွဲရေး ညှိနှိုင်းမှုကော်မတီ ၊ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
 
မနက်ဖန် မနက်ကနေ စတင်ပြီး မုံရွာဆိပ်ကမ်းကနေ ၊ ကနီ ၊ မင်းကင်း ၊ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး စတဲ့မြို့တွေဆီကို ခရီးသည်တင် ရေယာဥ်တွေ စတင်ပြေးဆွဲပေးမှာဖြစ်ပါတယ်။
 
“အခုလ ၂၅ ရက်မှာ စတင်ပြေးမယ့် ရေယာဥ် အသင်းလိုင်းတွေက မိုးဇင်ယော် ၊ ငွေဇင်ဦး ၊ ရွှေနဒီ ၊ MGRG အသင်းတွေပါ ၊ စက်သုံးဆီးစျေးနူန်းပေါ် မူတည်ပြီး စျေးနူန်းအပြောင်းအလဲတော့ရှိတယ် ၊ ကိုဗစ်စည်းကမ်းနဲ့ အညီဆိုတော့ ထိုင်ခုံပြည့် လူမတင်ရတော့ ခရီးသည်တွေ လိုက်ပါတဲ့အခါ သက်တောင့် သက်သာဖြစ်စေသလို ဝန်ဆောင်ခပေးရတာနဲ့ တန်မှာပါ ” လို့ ခရီးသည်တင်ရေယာဥ် ပြေးဆွဲရေး တာဝန်ရှိသူ တစ်ယောက်က ပြောသည်။
 
အဲ့ဒီ ခရီးသည်တင် ရေယာဥ်တွေပြေးဆွဲတဲ့အခါ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာရှိတဲ့အတွက် ခရီစဥ် အချိန်တချို့ အပြောင်းအလဲ ရှိနိုင်တယ်လို့ သိရပါတယ်။
 
ချင်းတွင်းမြစ်ကြောင်းသွား ရေယာဥ်တွေအသင်းလိုင်တွေဟာ မနှစ်က နှစ်လယ်ပိုင်းကစလို့ ကိုဗစ်ရောဂါကြောင့် ပြေးဆွဲခွင့် ယာယီရပ်နားရပြီး အချိန် ၁ နှစ်ကျော်ကြာမှ အခုလို ပြန်လည်ပြေးဆွဲဖို့ ခွင့်ပြုမိန့် ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #ချင်းတွင်းမြစ်
 
ပုံစာ ၊ ချင်းတွင်းမြစ်ကြောင်းသွား ရေယာဥ်ဂိတ်တခု မြင်ရစဥ်

Related posts

Leave a Comment

VOM News

FREE
VIEW