NLD ပါတီသဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို စွဲဆိုတဲ့အမှု အပြန်လှန်စစ်ဆေးမှုပြီး

နေပြည်တော်-စက်တင်ဘာ၂၄-၂၀၂၁
KT(VOM)
 
ဒီကနေ့ စက်တင်ဘာ ၂၄ရက် နေ့လယ်က နေပြည်တော်အကျဉ်းထောင်အနီးက သီးသန့်တရားရုံးမှာ ဦးဝင်းထိန်ကို စွဲဆိုထားတဲ့ ပုဒ်မ ၁၂၄(က) အမှု ပြန်လှန်စစ်ဆေးမှုတွေပြီးသွားပြီလို့ သိရပါတယ်။
 
ဒီကနေ့ ရုံးချိန်းအခြေအနေကို တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးပြောပြတာက
 
“ဒီနေ့ အဘဦးဝင်းထိန်အမှုကိုစစ်ပါတယ်၊နောက်တစ်ချိန်း အောက်တိုဘာ ၁ရက်ကို ပြန်ချိန်းတယ်ပေါ့နော် ၊ နောက်ရုံးချိန်းမှ ကျမတို့ဘက်က တင်ထားတဲ့ တရားခံပြသက်သေဖြစ်တဲ့ ကိုမောင်မောင်ဆွေတို့ ဦးမင်းသူတို့ကို စစ်မှာပါ။ အဘရဲ့ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ဒီနေ့တရားခွင်စတာ ၁၂ နာရီနောက်ပိုင်းဆိုတော့ အေးအေးဆေးဆေးစစ်လို့ရတာပေါ့နော်၊ ခါတိုင်းဆိုရင် အဘဥပုသ်စောင့်တာဆိုတော့ တရားခွင်မှာ စားတာသောက်တာလုပ်ရပါတယ် ၊ ဒီနေ့ကျတော့ ၁၂ နာရီကျော်မှတရားခွင်စတာဆိုတော့ စားသောက်ရေး မစီစဉ်ပေးရတော့လို့ အဆင်ပြေတယ်ပေါ့” လို့ ပြောပါတယ်။
 
ဦးဝင်းထိန်အား ပုဒ်မ ၁၂၄(က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်က နေပြည်တော်အကျဥ်းထောင်အနီးက သီးသန့်တရားရုံးကနေ စွဲချက်အမိန့်ချခဲ့ပြီးကြောင်းလည်းသိရပါတယ်။
 
နောက်ရုံးချိန်းကိုတော့ အောက်တိုဘာ ၁ ရက်နေ့ကို ပြန်ချိန်းပြီး တရားခံပြသက်သေတွေ စစ်ဖို့ချိန်းထားတယ်လို့သိရပါတယ်။
 
ပုဒ်မ၁၂၄(က) ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် နှစ်၂၀ တကျွန်းချမှတ်နိုင်သလို ငွေဒဏ် လည်းချမှတ်နိုင်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ဦးဝင်းထိန်

Related posts

Leave a Comment

VOM News

FREE
VIEW