မုံရွာနယ်က ကြေးမုံရွာမှာ ပစ်ခတ်ဖမ်းဆီးလို့ ၁ ယောက်သေဆုံး ၊ ၃ ယောက်ဖမ်းဆီးခံရ

မုံရွာ ၊ စက်တင်ဘာ ၂၈ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ် အကြား ၊ မုံရွာ မန္တလေး ကားလမ်းဘေးက ကြေးမုံရွာကို မနေ့ စက်တင်ဘာ ၂၇ မနက် အစောပိုင်း ၅ နာရီခွဲ ဝန်းကျင်မှာ ရဲ နဲ့ စစ်သားတွေက ရွာထဲကို ဝင်လာပြီး အိမ်တချို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာက ရွာခံ လူငယ်တချို့နဲ့၂ ဘက် ပစ်ခတ်တာတွေ ဖြစ်ပြီး ရွာခံလူ ငယ် ၁ ယောက်သေဆုံးကာ ၃ ယောက်ဖမ်းခံရတယ်လို့ ကြေးမုံ ရွာခံတွေက ပြောပါတယ်။
 
” မနေ့ကမနက် အစောပိုင်းမှာ ရွာ( ကြေးမုံ) ထဲကို ရဲနဲ့စစ်သားတွေဝင်လာတယ် ၊ သူတို့ဝင်လာတဲ့ အဲ့ဒီ အချိန်ဆိုရွာက အားလုံးနီးပါး အိပ်ယာထကြပြီ ၊ ရွာကလူတွေ အိပ်ယာထကြပြီဆိုတော့ ရွာကင်းစောင့် ကလေးတွေက ကင်းစောင့်တဲ့နေရာမှာပဲ လူစုပြီး အိပ်ကြတာ များတယ် ၊ အဲ့ဒါကို မလိုတဲ့သူတွေက ရွာမှာ PDF တွေ စုထားပါတယ်ဆိုပြီး သတင်းပေး တိုင်ခံရတာကြောင့် အခုလို ဖြစ်တာ ” လို့ အမည်မဖော်လိုတဲ့ ကြေးမုံရွာခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ကြေးမုံရွာထဲကို ဝင်လာတဲ့ ရဲနဲ့ စစ်သားတွေဟာ ကြေးမုံရွာ နယ်မြေအမှတ် ၃ ရပ်ကွက်ဘက်ကိုရောက်တော့ ပစ်ခတ်တာတွေ စတင်ဖြစ်ခဲ့တာလို့ သိရပါတယ်။
 
” နယ်မြေ ၃ ထဲက နီလာမုန့်တိုက် ပိုင်ရှင် ဦးမြင့်ဇော် အိမ်နားမှာ ပစ်ကြတာ ကလေး တယောက် အဲ့ဒီ နေရာမှာတင် ကျည်ထိပြီး သေတယ် ၊ နောက်ပြီး အိမ်ရှင် ဦးမြင့်ဇော် ၊ ကိုဇော်မင်းအောင် နဲ့ ဦးစိုးတင့် တို့ ၃ ယောက်ကို ဖမ်းသွားတာ ” လို့ ကြေးမုံရွာခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီနောက် ရဲနဲ့ စစ်သားတွေဟာ ရွာထဲက အိမ်တချို့ကို ဝင်ရောက်ရှာဖွေ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
 
” နယ်မြေ ၃ ထဲက မနီ ခေါ် မနီနီခိုင်ရဲ့ အိမ်ကို ဝင်ရှာတယ် ၊ အဲ့ဒီ အိမ်မှာ လူဖမ်းမိတာ မရှိဘူး ၊ သေနတ်တွေ တွေ့တယ်ဆိုပြီး သိမ်းသွားတယ်လို့ ကြားရတယ် ၊ သွားကြည့်လို့ မရဘူးဆိုတော့ ကြားရတာပဲ ရှိတယ် ” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
 
မုံရွာမြို့ပေါ်မှာ အခုလ ၂၂ ရက် နေ့ခင်းက ယာဥ်ထိန်းရဲ တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး နောက်တနေ့ ၂၃ ရက်ညနေပိုင်းမှာ မိုင်တဲ ဆက်သွယ်ရေး ရုံး ကင်းစောင့်တာဝန်ကျ ရဲ တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေနတ်လုယူခံရတဲ့ ဖြစ်စဥ်တွေ ဖြစ်ပွားပြီးနောက် မုံရွာနယ်မှာ ရှာဖွေ စစ်ဆေးတာနဲ့ ပစ်ခတ် ဖမ်းဆီးတာတွေ အရှိန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
 
#voiceofmyanmar #vom #မုံရွာ #ကြေးမုံ

Related posts

Leave a Comment

VOM News

FREE
VIEW