သတင်းစာတို့ လွတ်လပ်စွာရေးသားခွင့် မရှိ၊ ထို့ကြောင့် …

————————
ဆူးငှက်

၁၉၄၅ခုနှစ် ဇူလိုင်လမှာ လူထုဂျာနယ်ကို ထုတ်ဝေခဲ့တဲ့ လူထုဦးလှဟာ ၁၉၄၆ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ လူထုသတင်းစာကို စတင်ထုတ်ဝေပါတယ်။

မန္တလေးကထုတ်ဝေခဲ့တဲ့ လူထုသတင်းစာရဲ့ အယ်ဒီတာချုပ်များက ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ ဖြစ်တယ်။ လူထုသတင်းစာက အလုပ်သမား၊ လယ်သမားအရေး၊ အမျိုးသားရေး၊ စာပေ ယဉ်ကျေးမှုနဲ့ ငြိမ်းချမ်းရေးတွေကို ဆက်လက်သယ်ဆောင်ခဲ့ရင်း မြန်မာ့သတင်းစာသမိုင်းမှာ “သိက္ခာရှိသော သတင်းစာ”အဖြစ် မဏ္ဍိုင်စိုက်ထူနိုင်ခဲ့တယ်။

ဒီတော့ အာဏာယူ၊ လုပ်စား အနိုင်ကျင့်နေသူတွေက လူထုသတင်းစာကို မျက်မုန်းကျိုးတယ်။ အမျိုးမျိုးတံဆိပ်ကပ်ပြီး အယ်ဒီတာချုပ်တွေ၊ အယ်ဒီတာတွေ ဖမ်းတယ်။ ဒါကြောင့်လည်း အဆက်ဆက်
အစိုးရများရဲ့ မျက်စိစပါးမွှေးစူးခံရကာ ဖိနှိပ်မှုတွေလည်း ဆက်တိုက်ခံခဲ့ရတယ်။

၁၉၄၉ ခုနှစ်မှာ အစိုးရက သတင်းစာတိုက်ကို မိုင်းခွဲဖျက်ဆီးခဲ့တယ်။
ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှတို့လည်း အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခဲ့တယ်။ လူထုအယ်ဒီတာတွေ လူထုနဲ့ပတ်သက်သူတွေကိုလည်း မျက်မုန်းကျိုးကာ အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးခဲ့တယ်။ သတင်းစာကိုလည်း ၁၉၆၇ ခု ဇူလိုင်လ ၇ ရက်နေ့မှာ ဆက်လက် ထုတ်ဝေနိုင်ခြင်း
မရှိအောင် လုပ်ငန်းလိုင်စင်ချထားမှု ရပ်ဆိုင်းခဲ့တယ်။

အစဉ်အလာကြီးမားခဲ့တဲ့ လူထုသတင်းစာမှာ အယ်ဒီတာတွေ ၊ သတင်းထောက်တွေ၊ ဆောင်းပါးရှင်တွေ သာမက ပန်းချီဆရာ၊ ကာတွန်းဆရာ လူငယ်လေးတွေကိုလည်း သတင်းစာရဲ့မူဝါဒအပေါ် ယုံကြည်လက်ခံသူမှန်ရင် လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးပြီး မြေတောင်မြှောက်ပေးတယ်။

အထူးသဖြင့် လူထုသတင်းစာရဲ့ အခါကြီး ရက်ကြီးတွေဆိုရင်
ထူခြားဆန်းသစ်တဲ့ ပန်းချီကားမျက်နှာဖုံးတွေနဲ့ ထုတ်ဝေခဲ့တာ ပြောစမှတ်ဖြစ်လောက်အောင်ပါပဲ။ ဒီအထူးထုတ်သတင်းစာက ပန်းချီဆရာတွေထဲမှာ လူငယ်ပန်းချီဆရာလေး တွေဖြစ်တဲ့ ပေါ်ဦးသက် နဲ့ ဝင်းဖေ လည်းပါတယ်။ သူတို့က လူထုသတင်းစာမှာ ပန်းချီသာမက
ကာတွန်းလည်း ပင်တိုင်ဆွဲတယ်။

ပေါ်ဦးသက်ဟာ တစ်ချိန်က ကာတွန်းဆရာဘဝကို ဖြတ်သန်းခဲ့သူတစ်ယောက်ပါ။ အမေရိကန်ပြည် “Famous Artist School” ရဲ့ စာပေးစာယူ သင်တန်းသားတစ်ဦးဖြစ်ခဲ့ဖူးပြီး ဒီသင်တန်းရဲ့ သင်ခန်းစာ တော်တော်များများဟာ “ကာတွန်းပညာ”တွေပဲဖြစ်ပါတယ်။ (၁၉၅၉)နောက်တော့ လူထုသတင်းစာမှာ ကာတွန်းတွေဆွဲခဲ့ပါတယ်။ နောက်ကြးမုံမှာလည်း ရေးခဲ့ပါသေးတယ်။ လူထုမှာမရေးခင် မန္တလေးမှာ ကိုတင်ဝင်း(ဝင်းဖေရဲ့ ညီ)တို့နဲ့ တွဲပြီး “ဂလိ“ စာစောင်ထုတ်ကြသေးတာပေါ့။

ပေါ်ဦးသက်ဟာ လူထုသတင်းစာမှာ “သူတော်” ဆိုပြီး စာမဲ့ကာတွန်းရေးပါတယ်။ “အောင်အောင်” ဆိုပြီးတော့လည်း ရှေးပုံစံ ဇာတ်တော်မျိုးလည်းရေးတာပါပဲ။ သတင်းစာကာတွန်းဆိုတာ နေ့စဉ်ထုတ်ဆိုတော့ ကွင်းကွင်းကွက်ကွက် ချက်ချင်းလက်ငင်းရေးနိုင်ရတယ်။ အကြိတ်အနယ် လုပ်ရတဲ့ နိုင်ငံရေး ကာတွန်းမျိုးတွပဲ မဟုတ်လား။

မနက် (၁၁) နာရီ (၁) ချက်လောက် သတင်းစာတွေစုံအောင်ရောက်လာရင် စုပြီး ဖတ်လိုက်ကြတာ (၃) နာရီလောက်ဆို ပြီးပြီတဲ့။ အရေးကြီးတဲ့ သတင်းကို ဟာသနှောပြီး ကာတွန်းရေးကြတာ။ ပေါ်ဦးသက်ရယ်၊ ဝင်းဖေရယ် တစ်ပုံစီပေါ့။

တကယ်တော့ ကာတွန်းကို ဦးစားပေးတဲ့နေရာမှာ လူထုသတင်းစာဟာ ထိပ်ဆုံးက ပါခဲ့ပါတယ်။ ကာတွန်းရဲ့ အနေအထား၊ တန်ဖိုးကို စေ့စေ့စပ်စပ် အကဲဖြတ်ပြီးနေရာပေးခဲ့ပါတယ်။ လတ်တလော အရေးကြီးတဲ့ ပြည်တွင်းပြည်ပ အခြေအနေကို မီးမောင်းထိုးပြတဲ့ ကာတွန်းမျိုးကို မျက်နှာဖုံးမှာ တလေးတစား သုံးခဲ့ပါတယ်။

ပေါ်ဦးသက် နဲ့ ဝင်းဖေဟာ သတင်းစာရဲ့ အာဘော်၊ ရပ်တည်ချက်ကို ထင်းကနဲ ထင်းကနဲ မြင်နိုင်တဲ့ သတင်းကာတွန်းမျိုးကိုသာမက ပေါ်ဦးသက်က သူပင်တိုင်ရေးခဲ့တဲ့ “သူတော်”စာမဲ့ကာတွန်းမှာတောင် လေးလေးနက်နက် ဆွဲခဲ့ပါတယ်။

“သူတော်” ကာတွန်းတွေဟာ ဒီကနေ့အထိ ခေတ်မီ အဆင့်မြင့်တဲ့ “အတွေးအခေါ်ပါ” ကာတွန်းတွေပါ။ သာမန်အတွေးမျိုးမဟုတ်ဘဲ (သီးခြားသဘော) ကာတွန်းဆရာလိုင်စင်ကို လိမ္မာပါးနပ်စွာ အသုံးချခဲ့တဲ့ ကာတွန်းကွက်တွေပါ။

တော်လှန်ရေးကောင်စီတက်ချိန် နိုင်ငံရေးပေါ်လစီကို စောင့်ကြည့်ရမှာမို့ ရေးနေကျ သတင်းကာတွန်းတွေမဟုတ်ဘဲ ဟာသကဲတဲ့ ရေသူမပင်တိုင် ကာတွန်းတွေပဲ ဝင်းဖေက ရေးတော့လည်း ပရိသတ်က အစိုးရကို ပညာသားပါပါ သရော်တယ်လို့ပဲ ယုံကြည်ကြပါတယ်။ အဲလောက်ထိပင် ပေါ်ဦးသက်နဲ့ ဝင်းဖေတို့ရဲ့ ကာတွန်းသြဇာက ကြီးခဲ့ပါတယ်။

အဲဒီခေတ်တုန်းက ပေါ်ဦးသက်တို့ ဝင်းဖေတို့ ပေါ်လစီကာတွန်းတွေက ထိမိလွန်းတော့ စာဖတ်ပရိသတ်က စောင့်ကြည့်နေကြတာပါ။ မနက်လင်းရင် လူထုသတင်းစာတိုက်ကို တယ်လီဖုန်း တဂွမ်ဂွမ်ဆက်ပြီး ကာတွန်းပုံကို မေးကြမန်းကြတယ်။ တကယ်တော့ ပရိသတ်က စိတ်ဝင်စားမှုရှိနေတဲ့ ပေါ်ဦးသက်လို ဝင်းဖေလို ကာတွန်းဆရာတစ်ယောက်အဖို့ “တကယ့်ကာတွန်းဆရာ”လို့ ရဲရဲပြောနိုင်တာဟာ ဒီအချက်ကြောင့် ဖြစ်ပါတယ်။

၁၉၆၁ ခု၊မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကသောင်းကနင်းဖြစ်ချိန်
၁၉၆၁ ခု၊ နိုဝင်ဘာလ (၇) ရက်နေ့နဲ့ (၈)ရက်နေ့ထုတ် လူထုသတင်းစာ ဟာ ဆရာပေါ်ဦးသက်နဲ့ ဆရာဝင်းဖေကို ဒါမှ ကာတွန်းဆရာလို့ ရဲရဲဝံ့ဝံ့ ကြေညာပေးလိုက်တာ ဖြစ်တယ်။

၁၉၆၁ခုနှစ် နိုဝင်ဘာလ(၇) ရက်နေ့ထုတ် လူထုသတင်းစာရဲ့ ပထမစာမျက်နှာမှာပဲ ပေါ်ဦးသက်ဟာ သူ့လက်မှတ်ထိုးပြီး “သတင်းစာတို့ လွတ်လပ်စွာရေးသားခွင့် မရှိ၊ ထို့ကြောင့် ယနေ့ကာတွန်းမရေးဆွဲပါ။” ဆိုတဲ့ ကြေညာချက်ကို ရိုက်နှိပ်ထားတယ်။

အလားတူ လူထုရဲ့ပင်တိုင်ကာတွန်းဆရာ ဝင်းဖေ ကလည်း ၁၉၆၁ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ထုတ် လူထုသတင်းစာရဲ့ ပထမစာမျက်နှာမှာပဲ “ သတင်းစာတို့ လွတ်လပ်စွာရေးသားခွင့် မရှိ၊ ထို့ကြောင့်
ယနေ့ ကာတွန်းမရေးဆွဲပါ။ ဝင်းဖေ ”လို့ ကြေညာတယ်။

ပေါ်ဦးသက်ဆိုတာက မြန်မာသာမက ကမ္ဘာအထိကျာ်ကြားခဲ့တဲ့ ပန်းချီဆရာတစ်ဦးဖြစ်ပြီး၊ ဝင်းဖေဆိုတာက ကာတွန်းဆရာ၊ ပန်းချီဆရာ၊ စာရေးဆရာ၊ ဂီတပညာရှင် ရုပ်ရှင်ဒါရိုက်တာ စွယ်စုံရအနုပညာရှင် ဦးဝင်းဖေဖြစ်ပါတယ်။

ဟုတ်ကဲ့ …. ၊ သတင်းစာပင်တိုင် ကာတွန်းဆရာတစ်ယောက်ရဲ့ကြေညာချက်ကိုပဲ လူထုသတင်းစာဟာ သတင်းစာခေါင်းစည်းကြီးရဲ့အာက်တည့်တည့်မှာပဲ ထိုက်တန်စွာ နေရာပေးထားပါကြောင်း ….. ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW