မြန်မာ့အရေးဆောင်ရွက်ချက် အာဆီယံစိတ်ပျက်၊ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကိုဖယ်ထုတ်နိုင်တယ်လို့ သတိပေး

ဂျကာတာ၊ အောက်တိုဘာ-၅-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို မြန်မာဘက်က အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ရလဒ်မျိုးမရှိဘဲ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့လည်း တစုံတရာတုံ့ပြန်မှုမရှိဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
မြန်မာအာဏာပိုင်တွေရဲ့ လု်ပဆောင်ချက်တွေနဲ့ပတ်သက်ပြီး စိတ်ပျက်မိကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးအများစုက အောက်တိုဘာ ၄ ရက်ကပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အွန်လိုင်းအစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒီကိစ္စတွေကို သူတို့ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေကိုလည်း တင်ပြသွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရန်တိုမာဆူဒီက ပြောပါတယ်။
 
မြန်မာနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံအထူးသံတမန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို ငြင်းဆန်မယ်ဆိုရင် ယခုလမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကနေ မြန်မာနိုင်ငံကို ဖယ်ထုတ်နိုင်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း သတိပေးပြောဆိုလိုက်ပါတယ်။
 
ဩဂုတ်လအတွင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ခဲ့တဲ့ ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး ယူဆွတ်ဖ်နဲ့ မြန်မာတာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အပေါ် မလေးရှားနိုင်ငံက စိတ်ပျက်မိတယ်လို့ သူကဆိုပါတယ်။
 
အထူးသံတမန်ဟာ မြန်မာနိုင်ငံက လာရောက်ဖို့အခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့သတင်းတွေကဆိုပါတယ်။
 
အခြေအနေဘာမှတိုးတက်ဖြစ်ထွန်းမှုမရှိဘူးဆိုရင် ယခုလနှောင်ပိုင်းမှာပြုလုပ်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာတက်ရောက်ဖို့ခက်ခဲ့လိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုပါတယ်။
 
Ref : Aljazeera
Photo: Reuters
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW