ရွှေဖီမြေသတင်းဌာနက အမျိုးသမီးသတင်းထောက် ဖမ်းဆီးခံရ

အောက်တိုဘာ ၄၊ ၂၀၂၁
Shy V (VOM)
 
ရွှေဖီမြေက အမျိုးသမီး သတင်းထောက်ဟောင်း လွေးအမ်ဖောင်းကို လားရှိုး၊ ရပ်ကွက် ၁၊ နယ်မြေ ၃ မှာ စက်တင်ဘာလ ၂၆ ရက် မနက် ၂ နာရီခန့်က စစ်တပ်က လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ သူနဲ့ နီးစပ်သူက ပြောပါတယ်။
 
၁ ရွာလုံးနီးပါး ဖျားပြီး ဆေးဝါး အခက်အခဲ ဖြစ်နေတဲ့ ကြူဝင်ရွာကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ သွားရောက် ထောက်ပံ့ပေးဖို့ သွားမယ့်အဖွဲ့တွေနဲ့ သွားအိပ်လိုက်တဲ့အိမ်မှာ ညသန်းခေါင် ၁၂ နာရီ၊ ၁၂ နာရီခွဲလောက်မှာ ဖမ်းခံရတာလို့ နီးစပ်သူပြောပြတာက
 
“စစ်တပ်က ခြံထဲကျော်ဝင်လာပြီး အိမ်ပတ်ပတ်လည်လည်း ဝိုင်းထားခဲ့တယ်။ မိန်းခလေးတွေချည်း ၁၀ ယောက်ကျော်ကို တစ်ယောက်ချင်းခေါ် စစ်ဆေးတယ်။ လွေးအမ်ဖောင်းကိုပဲ နည်းနည်းစစ်ဆေးမေးမြန်းစရာရှိတယ် ပြီးရင်ပြန်ပို့ပေးမယ် ဆိုပြီး ခေါ်သွားခဲ့တာ”လို့ ဖြစ်စဉ်မှာရှိနေသူက ပြောပါတယ်။
 
“အဲဒီ အိမ်ထဲမှာ အကုန်လုံး မွှေနှောက်ရှာဖွေပြီး ကွန်ပြူတာ၊ ကင်မရာနဲ့ ဖုန်းတွေ၊ ဘဏ်ကဒ်တွေနဲ့ ပိုက်ဆံတွေရော စစ်ဆေးဖို့ ယူသွားတာဖြစ်ပြီး လာဖမ်းတဲ့သူတွေက စစ်ကား ၂ စီး ရဲကားရယ် အိမ်စီးကားရယ် ပဲမြင်ရပြီး လမ်းကြားတွေမှာတော့ ကားဘယ်လောက် ဆိုတာတော့ မသိရဘူး။ လူက အရပ်ဝတ်ရော၊ ရဲတွေရော စစ်သားတွေရော လူ ၂၀ ကျော်နဲ့ လာတာ” လို့သူက ပြောပါတယ်။
 
ဖမ်းဆီးခံထားရတဲ့ လွေးအမ်ဖောင်းကို လက်ရှိ လားရှိုး အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး အမှတ် ၂ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီး ဘာပုဒ်မတပ်မယ်ဆိုတာ ခုထိမသိရသေးပါဘူး။
 
မလွေးအမ်ဖောင်းဟာ မတ်လ ၁ ရက်နေ့ ကတည်းက ရွှေဖီမြေသတင်းဌာနကနေ နှုတ်ထွက်ထားကာ သတင်းလုပ်ငန်းကို ရပ်ဆိုင်းထားကာ ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်ကူညီနေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
စက်တင်ဘာလ ၂၅ ရက် ည ၁၂ နာရီခန့်မှာလည်း လားရှိုးအခြေစိုက် တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့က စေတနာ့ ဝန်ထမ်း ၁ ဦး အပါအဝင် တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင်က ကျောင်းဆရာ ၅ ဦး၊ စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မေလ ၅ ရက်ည ၁၀ နာရီခန့်ကလည်း ရွှေဖီမြေ သတင်းအေဂျင်စီ ရုံးခန်းနဲ့ ဝန်ထမ်းတွေရဲ့ အိပ်ခန်းတွေကို ဝင်ရောက် စစ်ဆေး ရှာဖွေခဲ့တာရှိခဲ့တယ်လို့ သိရပါတယ်။
 
ရှမ်းပြည်နယ်မှာ တာချီလိတ် သတင်းအေဂျင်စီက သတင်းထောက် ကိုကျော်ဇင်ဟိန်း၊
ကမ္ဘောဇတိုင်းမ်း သတင်းဌာနက တာဝန်ခံ အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော် ၊ ရုံးဝန်ထမ်း စိုင်းစည်သူနဲ့ သံလွင်သွေးချင်းသတင်းဌာနက အယ်ဒီတာချုပ် ဒေါ်မြဝန်းရံ အပါအဝင် ခုဖမ်းခံရတဲ့ ရွှေဖီမြေ သတင်းထောက်ဟောင်း လွေးအမ်ဖောင်း နဲ့ပါဆိုရင် စုစုပေါင်း သတင်းထောက် ၇ဦး ဖမ်းဆီးတရားစွဲခံထားရပါတယ်။
 
Photo Crd# Zayar Myint’s Website
#voiceofmyanmar #VOM #ရွှေဖီမြေသတင်းဌာန #ဖမ်းဆီးခံရှမ်းပြည်နယ်ကသတင်းထောက်

Related posts

Leave a Comment

VOM News

FREE
VIEW