ရုပ်ရှင်လောကသားတွေ အစည်းအဝေးလုပ်ပြီးမှသာ ရုပ်ရှင်ရုံတွေ ဖွင့်နိုင်၊မဖွင့်နိုင် သိရမယ်

အောက်တိုဘာ ၁၃-၂၀၂၁
GH ( VOM )
 
မကြာခင်မှာ ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်ခွင့်ပြုတော့မယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပေမယ့် မြေပြင်မှာ တကယ်ဖွင့်နိုင်မယ့် အခြေအနေ ရှိ၊မရှိကိုတော့ ရုပ်ရှင်လောကသားတွေ ဆွေးနွေးမှုပြုလုပ်ရအုံးမှာဖြစ်တယ်လို့ ရုပ်ရှင်လုပ်ငန်းအသိုင်းအဝိုင်းက သိရပါတယ်။
 
” ရုံပိုင်ရှင်နဲ့ထုတ်လုပ်သူတွေ ထုတ်လုပ်သူကလည်းရုံတင်အုံးမှ။ ရုံပိုင်ရှင်ကလည်း သဘောတူအုံးမှ အဲ့ဒါမှရမှာလေ။သူတို့ကို သေချာမေးပြီးမှသိရမှာ။အစည်းအဝေးတွေသေချာလုပ်ပြီးမှသိရမှာ “လို့ အမည်မဖော်လိုသူ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးအဖွဲ့ဝင်တဦးကပြောပါတယ်။
 
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကိုဗစ်ကပ်ရောဂါအခြေအနေတွေကြောင့် ရုပ်ရှင်လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ရာ အခက်အခဲတွေရှိနေတယ်လို့ ရိုက်ကူးထုတ်လုပ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ် ။
 
“ဒီအချိန်မှာဖွင့်ရင် နိုင်ငံရေး အခြေအနေမကောင်းတော့ ဘယ်သူမှ ကြည့်မယ် မထင်ပါဘူး၊ တည်ငြိမ်နေတာမဟုတ်တော့လေ၊ နောက်ပြီး အခုလောလောဆယ် အနုပညာလောက က ဘယ်သူမှမရှိကြဘူး၊ကျန်နေတဲ့သူတွေနဲ့လုပ်လည်း အဲ့လူတွေကို ဘယ်သူမှအားပေးမှာမဟုတ်ဘူး ” လို့ ရုပ်ရှင်လောကသားတစ်ဦးကပြောပါတယ်။
 
ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကတော့ ရုပ်ရှင်ရုံတွေကို ကိုဗစ်စည်းကမ်းနဲ့အညီပြန်ဖွင့်ပေးတော့မယ့်အပြင် ကိုဗစ်ကြောင့် ရပ်ဆိုင်းထားခဲ့ရတဲ့ ရုပ်ရှင်ရိုက်ကူးမှုလုပ်ငန်းတွေလည်း ကိုဗစ်စည်းကမ်းနဲ့အညီရိုက်ကူးမှုတွေစတင်လုပ်ဆောင်နေတယ်လို့ မနေ့ အောက်တိုဘာ ၁၂ရက်နေ့ကထုတ်တဲ့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။
 
” အကုန်သွားလာနေတာပဲဆိုပေမယ့် လုံခြုံရေးကတော့ ဘယ်သူမှ အာမ မခံဘူး။ အသွားမတော်လို့ ကိုယ်ဖြစ်ကိုယ်ခံပဲ အခုကာလက။ အလုပ်အကိုင်ကြောင့်သာ မလွှဲသာလို့ အပြင်ထွက်ရတာ။အိမ်ထဲနေတာတောင် လုံခြုံမှုမရှိတဲ့ကာလဖြစ်နေတာ ” လို့ ရန်ကုန်မြို့ခံတဦးကပြောပါတယ်။
 
ရုပ်ရှင်ရုံတွေကိုတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု ကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ မတ်လ ၁၆ ရက်နေ့ကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။
 
ရုပ်ရှင်ရုံတွေပြန်ဖွင့်ပါက နိုင်ငံတော်ကနေ ငှားရမ်းထားတဲ့ ရုပ်ရှင်ရုံတွေကို ဦးစားပေးဖွင့်လှစ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
 
Photo-Khin Haw
#voiceofmyanmar #VOM #ရုပ်ရှင်ရုံ

Related posts

Leave a Comment

VOM News

FREE
VIEW