တန့်ဆည်နယ်မှာ ရဲမိသားစုနေအိမ်တွေ နဲ့ ရဲစခန်းတချို့ပါ မီး​လောင်

အောက်တိုဘာ ၊ ၁၈ -၂၀၂၁
VOM
 
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတချို့မှာ နေထိုင်တဲ့ ရဲမိသားစုတချို့ရဲ့နေအိမ်တွေ မီးလောင်ခဲ့ပြီးနောက် ဒီကနေ့ မနက် အစောပိုင်းက ရဲကင်းစခန်းတခု ထပ်မံမီးလောင်ခဲ့တယ်လို့ တန့်ဆည်နယ်တွေက ပြောပါတယ်။
 
ဒီမနက် ရဲကင်းစခန်း ၁ ခု မီးလောင်တာနဲ့ ပတ်သက်လို့ တန့်ဆည်နယ်ခံတယောက်က” အခုမနက် အစောပိုင်း ၁ နာရီခွဲအချိန်လောက်မှာ နဘက်ကြီးရဲစခန်း မီးလောင်သွားတယ် ၊ သွားမကြည့်ရဲလို့ ဘယ်လောက် လောင်းသွားတယ် မသိဘူး ၊ မီးကတော့များတယ် “လို့ ပြောပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တန့်ဆည်မြို့နယ်၊ ကျီကုန်း(တောင်)ရွာက ရဲမိသားစု ၄ ယောက် အသတ်ခံရပြီး နေအိမ်ပါ မီးလောင်ခဲ့ပြီးနောက်ပိုင်း အဲ့ဒီရွာထဲက တခြား လူနေအိမ် ၁ ဒါဇင်ဝန်းကျင်ခန့်လည်း မီးလောင်ခဲ့ပါသေးတယ်။
 
အခုလ ၁၅ ရက် ညပိုင်းကလည်း ကသာမြို့နယ်၊ အင်းကျေးရွာအုပ်စု၊ အင်းရွာနယ်မြေရဲစခန်းမှာရှိတဲ့ အဆောက်အဦးအားလုံး မီးလောင်ခဲ့သလို အခုလ ၃ ရက် ညပိုင်းနဲ့ ၄ ရက် ညပိုင်းကလည်း ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲက အလယ်တောရဲကင်းစခန်းနဲ့ ကမ်းနီ လှုပ်ရှား ရဲကင်းစခန်းလည်း မီးလောင်ခဲ့ပါသေးတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလက ပုလဲမြို့နယ်၊ မုံရွာ-ဂန့်ဂေါ ကားလမ်းက ကန့်ဒေါင့် ရဲကင်းစခန်း မီးလောင်ခဲ့ပါသေးတယ်။
 
အခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကနေ ဒီကနေ့မနက်အထိ စစ်ကိုင်းတိုင်းထဲက ရဲစခန်း ၁ ဒါဇင်နီးပါး မီးလောင်ခဲ့တယ်လို့လည်း သိရပါတယ်။
 
ပုံစာ -စစ်ကိုင်းတိုင်းထဲက ရဲစခန်းတခု မီးလောင်နေပုံ
#voiceofmyanmar #VOM #တန့်ဆည် #ရဲစခန်းမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW